ကမ္ဘောဒီးယားတောင်ပိုင်း၌ ခုနစ်ထပ်အဆောက်အအုံပြိုကျမှုကြောင့် လေးဦးသေဆုံး

ကမ္ဘောဒီးယားတောင်ပိုင်း၌ ခုနစ်ထပ်အဆောက်အအုံပြိုကျမှုကြောင့် လေးဦးသေဆုံး

ကမ္ဘောဒီးယားနိုင်ငံတောင်ပိုင်း၌ ဇန်နဝါရီ ၃ ရက်တွင် ဆောက်လက်စ ခုနစ်ထပ် အဆောက်အအုံတစ်လုံး ပြိုကျမှုကြောင့် လေးဦးသေဆုံးပြီး  ၁၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။

အပျက်အစီးများအောက်တွင် လူများပိတ်မိနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ကက်ပ်ခရိုင်ရှိ ဆောက်လုပ်စဟိုတယ်တစ်လုုံး ဇန်နဝါရီ ၃ ရက် ဒေသဆိုင်ရာစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာသို့ ဇန်နဝါရီ ၃ ရက် အနှောင်းပိုင်းတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရောက် သွားရောက်ကြည့်ရှုခဲ့သည်။

လူလေးဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကက်ပ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ပြောခွင့်ရှိသူ ရော့စ် အူဒွန်ကပြောဆိုခဲ့သည်။ ကမ္ဘောဒီးယား၌ ဆောက်လုပ်ရေးလုပ်ငန်းများကြီးထွားလာပြီး မြို့ပြစီမံကိန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် အဆောက်အအုံသစ်များပေါ်ထွန်းလာခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ မတော်တဆမှုများ မကြာခဏဖြစ်ပွားခဲ့သည်။

တရုတ်၏ရင်းနှီးမြှုပ်နှံမှုဖြင့် ဖွံ့ဖြိုးတိုးတက်လာနေသည့် သီဟာနုဗီးလ်မြို့၌ ဇွန်တွင် ဆောက်လက်စအဆောက်အအုံတစ်ခုပြိုကျမှုကြောင့် လူ ၃၀ ဦးထက်မနည်းသေဆုံးခဲ့သည်။ ထို့ပြင် နိုင်ငံခြားခရီးသွားများစွာလာရောက်လေ့ရှိသည့် ဆီယံရိရှိ ဘုရားကျောင်းတစ်ခု၌ ဆောက်လက်စဇရပ်တစ်ခုပြိုကျမှုကြောင့် အလုပ်သမားသုံးဦးခန့် သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ဆောက်လုပ်ရေးဝန်ထမ်း ၂၀ဝ၀ဝ၀ ခန့်ရှိနေပြီး အများစုသည် နေ့စားများဖြစ်ကြကာ ကျွမ်းကျင်မှုမရှိသလို သမဂ္ဂဝင်များလည်းမဟုတ်ကြကြောင်း နိုင်ငံတကာအလုပ်သမားအဖွဲ့ကပြောဆိုခဲ့သည်။