အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာ၌ နှစ်သစ်ကူးအကြိုနေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာ မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည် ဇန်နဝါရီ ၃ ရက်အထိ ၄၃ ဦးရှိသွားပြီဖြစ်ပြီး ၁၂ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။
လူ ၁၉၂၀ဝ၀ ခန့်သည် ယာယီခိုလှုံရေးစခန်းများသို့ သွားရောက်နေထိုင်နေရပြီး နေအိမ်များတွင်းသို့ ရေများဝင်ရောက်နေဆဲဖြစ်သောကြောင့် နှစ်သစ်ကူးကာလကို ခိုလှုံရေးစခန်းများတွင် ကုန်ဆုံးနေရသည်။ ရေများဝင်ရောက်နေသည့် အိမ်များထဲတွင် ဆက်လက်မနေထိုင်ဘဲ လုံခြုံသော နေရာများသို့သွားရောက်ရန် တိုက်တွန်းမှုများပြုလုပ်နေရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးဌာန၏ပြောခွင့်ရှိသူ အဲဂပ်စ် ဝီဘိုဝိုကပြောဆိုခဲ့သည်။
ဂျကာတာမြို့နှင့် အနီးအနားရှိ လီဘတ်ဒေသတို့တွင် သေဆုံးသူ ၄၃ ဦးရှိခဲ့ကြောင်း ဌာနကပြောဆိုခဲ့သည်။ နေရာအချို့တွင် ရေပြန်ကျသွားပြီဖြစ်ပြီး ခရိုင်အချို့ကိုလည်း လျှပ်စစ်ဓာတ်အားပြန်ပေးနိုင်ပြီဖြစ်သည်။ ဂျကာတာမြို့ဆင်ခြေဖုံးရှိ ရေကြီးရေလျှံမှုဒဏ်အခံခဲ့ရဆုံးဖြစ်သည့် ဘဲကာဆီ၌ လမ်းမများပေါ်တွင် အမှိုက်နှင့် အပျက်အစီးများစုပုံနေပြီး မော်တော်ယာဉ်အပျက်အစီးများစွာကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
ဂျကာတာမြို့နားသို့ ချဉ်းကပ်လာသည့် တိမ်များထဲသို့ ဓာတုပစ္စည်းများ ပစ်သွင်းပြီး မိုးတားမည်ဖြစ်ကြောင်း အစိုးရက ဇန်နဝါရီ ၃ ရက်တွင် ပြောဆိုခဲ့သည်။ ဆေးဝါးများ၊ ပိုးသတ်ဆေးများနှင့် အစားအစာများဝေငှရန်အတွက် ကျန်းမာရေးဝန်ထမ်းနှင့် စစ်သည် ၁၁၀ဝ၀ တို့ကို တာဝန်ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရေကြီးရေလျှံမှုထိန်းချုပ်ရေးအခြေခံအဆောက်အအုံစီမံကိန်းများအကောင်အထည်ဖော်ရန် နှောင့်နှေးခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်နစ်နာမှုများပြားခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇန်နဝါရီ ၂ ရက်တွင်ပြောဆိုခဲ့သည်။ ဂျကာတာသည် လူဦးရေအဆမတန်ထူထပ်နေပြီး တဖြည်းဖြည်းနစ်မြုပ်နေပြီဖြစ်သည့်အတွက် မြို့တော်ကို ဘော်နီယိုကျွန်းရှိ အရှေ့ကာလီမန်တန်ခရိုင်သို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ဝီဒိုဒိုက ကြေညာထားပြိီးဖြစ်သည်။

















