စစ်ဦးစီးချုပ်ကို တာဝန်ထမ်းဆောင်ခွင့်သက်တမ်းတိုးပေးသည့် ဥပဒေကြမ်းအား ပါကစ္စတန်အစိုးရ လွှတ်တော် တင်သွင်း

စစ်ဦးစီးချုပ်ကို တာဝန်ထမ်းဆောင်ခွင့်သက်တမ်းတိုးပေးသည့် ဥပဒေကြမ်းအား ပါကစ္စတန်အစိုးရ လွှတ်တော် တင်သွင်း

စစ်ဦးစီးချုပ်ကို ဆက်လက်တာဝန်ထမ်းဆောင်ခွင့် သက်တမ်းတိုးပေးသည့် ဥပဒေကြမ်းတစ်ခုကို ပါကစ္စတန်အစိုးရသည် ဇန်နဝါရီ ၃ ရက်တွင် လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။

ဒေသတွင်း အမျိုးသားလုံခြုံရေးထိခိုက်နိုင်သည့် အခြေအနေများရှိလာသည့်အတွက် ဗိုလ်ချုပ်ကာမာ ဂျာဗတ် ဘာဂျ်ဝါအား သက်တမ်းတိုးပေးကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း၏အစိုးရက သြဂုတ်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အစိုးနှင့် စစ်တပ်သည် စစ်ဦးစီးချုပ်အား တာဝန်ထမ်းဆောင်ခွင့်သက်တမ်းတိုးပေးမှုနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ တင်ပြရန်လိုအပ်ကြောင်း တရားလွှတ်တော်ချုပ်က နိုဝင်ဘာတွင် ဆုံးဖြတ်ပြီး အစိုးရလုပ်ဆောင်ချက်ကို ရုပ်သိမ်းစေခဲ့သည်။

ပါကစ္စတန်၏ သက်တမ်း ၇၂ နှစ်အတွင်း ထက်ဝက်ခန့်ကို စစ်တပ်က အုပ်ချုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒများကို ချမှတ်ကာ မကြာသေးမီတွင်လည်း စီးပွားရေးမူဝါဒချမှတ်ရာတွင် ပါဝင်လာခဲ့သည်။

စစ်ဦးစီးချုပ်တစ်ဦးသည် ပုံမှန်အားဖြင့် သုံးနှစ်သက်တမ်းတစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရလေ့ရှိသည်။ အစိုးရသည် အတိုက်အခံပါတီများ၏ထောက်ခံမှုကိုရရှိခဲ့ပြီးနောက် စစ်ဦးစီးချုပ် ဘာဂျ်ဝါ၏တာဝန်ထမ်းဆောင်ခွင့် သက်တမ်းတိုးပေးသည့် ဥပဒေကြမ်းကို အောက်လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အစိုးရသည် လွှတ်တော်၏လုပ်ထုံးလုပ်နည်းများကို လိုက်နာမည်ဆိုပါက ထောက်ခံရန် အသင့်ရှိကြောင်း အဓိကအတိုက်အခံပါတီခေါင်းဆောင် ဘီလာဝယ် ဘူတို ဇာဒါရီကပြောဆိုခဲ့သည်။ ဥပဒေကြမ်းကို လာမည့်အပတ်တွင် အတည်ပြုဖွယ်ရှိပြီး ဘာဂျ်ဝါသည် ၂၀၂၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်သည်။

ဘာဂျ်ဝါ စစ်ဦးစီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ချိန်အတွင်း စစ်တပ်သည် ရွေးကောက်ပွဲနှင့် နိုင်ငံရေးတွင် ဝင်ရောက်ခြေရှုပ်ပြီး ခန်းအား ကျောထောက်နောက်ခံ့ပေးခဲ့ကာ နိုင်ငံသားလွတ်လပ်ခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်များကို ကန့်သတ်ခဲ့ကြောင်း အတိုက်အခံများက စွပ်စွဲပြောဆိုခဲ့သည်။

နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခဲ့ကြောင်း ဘာဂျ်ဝါကပြောဆိုခဲ့သည်။