တရုတ်၌ အဆုတ်ရောင်ရောဂါဖြစ်ပွားသူ ၄၄ ဦးအထိ ရှိနေပြီဖြစ်

တရုတ်၌ အဆုတ်ရောင်ရောဂါဖြစ်ပွားသူ ၄၄ ဦးအထိ ရှိနေပြီဖြစ်

တရုတ်နိုင်ငံ၌ အမျိုးအမည်မသိရသည့် အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပွားနေသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်တွင် လူရာပေါင်းများစွာသေဆုံးခဲ့သည့် ပြင်းထန်အဆုတ်ရောင်ရောဂါ( ဆားစ်) ပြန်လည်ဖြစ်ပွားနေပြီဟု စိုးရိမ်မှုများရှိနေသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် အဆုတ်ရောင်ရောဂါဖြစ်ပွားမှု ၂၇ ခုရှိခဲ့ရာမှ ဇန်နဝါရီ ၃ ရက်တွင် ၄၄ မှုအထိ တိုးမြင့်လာကြောင်း တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရှိ ကျန်းမာရေးအာဏာပိုင်များကပြောဆိုခဲ့သည်။ အဆုတ်ရောင်ရောဂါဖြစ်ပွားသူများအနက် အသက်အန္တရာယ်စိုးရိမ်ရသူ ၁၁ ဦးခန့်ရှိနေကြောင်း ကျန်းမာရေးဌာနကပြောဆိုခဲ့သည်။

အဆုတ်ရောင်ရောဂါဖြစ်ပွားရခြင်းအကြောင်းအရင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဝူဟန်ကျန်းမာရေးကော်မရှင်က ပြောဆိုခဲ့သည်။ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားနေကြောင်း သတင်းမှားဖြန့်ခဲ့သူ ရှစ်ဦးကို ဖမ်းဆီးကာ အပြစ်ပေးခဲ့ပြီးဖြစ်ကြောင်း ဝူဟန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူနာအားလုံးကို သီးခြားစီခွဲထားပြီး အနီးကပ်စောင့်ကြည့်ကာ ကုသမှုများပြုလုပ်ပေးနေကြောင်း ကျန်းမာရေးကော်မရှင်ကပြောဆိုခဲ့သည်။ အဆုတ်ရောင်ရောဂါဖြစ်ပွားသူများအနက် အချို့သည် မြို့တွင်းရှိ ပင်လယ်စာဈေးတွင် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး လူသားမှ လူသားသို့ ကူးစက်သည့် လက္ခဏာများကို မတွေ့ရှိရသေးကြောင်း ကော်မရှင်ကပြောဆိုခဲ့သည်။

ဟောင်ကောင်၌လည်း ဇန်နဝါရီ ၃ ရက်တွင် အဆုတ်ရောင်ရောဂါလက္ခဏာများပြနေသည့် အမျိုးသမီးနှစ်ဦးကို ဆေးရုံတင်ကုသပေးခဲ့ရပြီးဖြစ်ကာ ဟောင်ကောင်၌ ဒီဇင်ဘာ ၃၁ ရက်မှစ၍ ယင်းလက္ခဏာများဖြင့် ကုသမှုခံယူရသူ ငါးဦးရှိသွားပြီဖြစ်သည်။ ယင်းငါးဦးအနက် နှစ်ဦးသည် လွန်ခဲ့သော နှစ်ပတ်ခန့်တွင် ဝူဟန်သို့ သွားရောက်ခဲ့ကြကြောင်း ဟောင်ကောင်ဆေးရုံအာဏာပိုင်အဖွဲ့ကပြောဆိုခဲ့သည်။

၂၀ဝ၃ ခုနှစ်တွင် ဆားစ်ရောဂါဖြစ်ပွားပြီးနောက် ဖြစ်ပွားသူဦးရေကို လျှော့ချထုတ်ပြန်ခဲ့သည့်အတွက် တရုတ်အစိုးရအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) က ဝေဖန်ပြောဆိုခဲ့သည်။ ယင်းနှစ်တွင် ဆားစ်ကြောင့် တရုတ်ပြည်မကြီး၌ လူ ၃၄၉ ဦးသေဆုံးပြီး ဟောင်ကောင်၌ ၂၉၉ ဦးသေဆုံးခဲ့သည်။ ဆားစ်ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းရှိ လူ ၈၀ဝ၀ ကျော်ကို ကူးစက်ခဲ့သည်။ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံခရိုင်တွင် ဗိုင်းရပ်စ်မြစ်ဖျားခံကြောင်း WHO ကပြောဆိုခဲ့သည်။