အီရတ်နိုင်ငံဘဂ္ဂဒက်မြို့ နိုင်ငံတကာလေဆိပ်အနီးအမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် ထိပ်တန်းစစ်ဗိုလ်ချုပ် သေဆုံးခဲ့ရမှုအတွက် လက်စားချေမည်ဖြစ်ကြောင်းအီရန်ကကြေညာလိုက်ပြီး၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကမူစစ်ပွဲဖြစ်ပွားလာမည့်အရေးတားဆီးနိုင်ရန် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟုတုံ့ပြန်ထားသည်။
အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန် ကွက်ဒ်တပ်ဖွဲ့ အကြီးအကဲဗိုလ်ချုပ် ခါဆမ် ဆိုလာမာနီသေဆုံးခဲ့သည်။ အီရန်ကလက်တုံ့ပြန်လာမည်ဆိုပါကအီရတ်၊ ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိအမေရိကန်တပ်ဖွဲ့များအတွက်လည်း အန္တရာယ်ကျရောက်လာနိုင်သလိုဒေသတွင်းတင်းမာမှုများလည်း မြင့်တက်လာနိုင်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်းဆိုလာမာနီသည် လက်ဘနွန်တောင်ပိုင်းမှသည် အစ္စရေးနယ်စပ်အထိကျယ်ပြန့်သောဒေသတစ်လျှောက် အီရန် မဟာမိတ်ကွန်ရက်များထူထောင်ခဲ့ရာတွင် အဓိကဦးဆောင်ခဲ့သူဖြစ်သည်။
အီရန်ကလက်တုံ့ပြန်လာနိုင်ခြေရှိသဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖွဲ့ဝင် ၃၀ဝ၀ ကျော် အမေရိကန်ကတိုးမြှင့်ချထားလိုက်သည်။အီရတ်ရှိအမေရိကန်နိုင်ငံသားအားလုံးအမြန်ဆုံးထွက်ခွာရန်လည်းညွှန်ကြားချက် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်ရက်ပိုင်းကအီရန် ထောက်ခံသူများဝိုင်းတိုက်ခိုက်ခြင်းကိုခံခဲ့ရသည့် ဘဂ္ဂဒက်မြို့ အမေရိကန်သံရုံးကိုလည်းပိတ်ထားကာ သံရုံးလုပ်ငန်းအားလုံးရပ်ဆိုင်းထားသည်။ အီရတ် လုံခြုံရေးတပ်ဖွဲ့များကိုလေ့ကျင့်သင်တန်းပေးရန် အမေရိကန်တပ်ဖွဲ့ဝင် ၅၂၀ဝ ခန့် အီရတ်တွင် ကျန်ရှိနေသည်။
လိုအပ်ပါက လက်ဘနွန်ရှိအမေရိကန်သံရုံးကိုအရေးပေါ် ကာကွယ်နိုင်ရန် အမေရိကန် တပ်စိတ်တစ်စိတ်ကိုတပ်လှန့်ထားကြောင်းလည်းပင်တဂွန်မှ အမည်မဖော်သည့် အရာရှိတစ်ဦးကပြောသည်။ ဘာရိန်း၊ ကူဝိတ်နှင့် နိုင်ဂျီးရီးယားရှိအမေရိကန်သံရုံးဝန်ထမ်းများအထူးသတိရှိကြရန် သတိပေးချက်များလည်းထုတ်ပြန်ထားကြောင်းသိရသည်။

















