ပါရီပန်းခြံအတွင်းလူအများကိုဓားနှင့် လိုက်ထိုးသူကိုအသေပစ်ခတ် ဖမ်းဆီး

ပါရီပန်းခြံအတွင်းလူအများကိုဓားနှင့် လိုက်ထိုးသူကိုအသေပစ်ခတ် ဖမ်းဆီး

ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှိပန်းခြံတစ်ခုအတွင်းဇန်နဝါရီ ၃ ရက်ကတွေ့ရာလူကိုဓားနှင့် လိုက်ထိုးသူတစ်ဦးကြောင့် တစ်ဦးသေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဓားနှင့်လိုက်ထိုးသူကိုရဲတပ်ဖွဲ့က အသေပစ်ခတ်လိုက်ရသည်။

မည်သည့်အတွက်ကြောင့် ဓားနှင့်လိုက်ထိုးရကြောင်းသိနိုင်စေရန် ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။ မျက်မြင်သက်သေတစ်ဦး၏ ထွက်ဆိုချက်အရဓားသမားသည် လူတစ်ဦးကိုဓားနှင့်ထိုးပြီးနောက် အခြားသူများကိုလည်း ကြုံရာဓားနှင့်လိုက်ထိုးခြင်းဖြစ်သည်။ဓားသမားကိုရဲတပ်ဖွဲ့က လက်နက်ချခိုင်းသော်လည်းလိုက်နာခြင်းမရှိသဖြင့် အချက်များစွာပစ်ခတ်ပြီး သုတ်သင်လိုက်ရခြင်းဖြစ်သည်။

“ပထမတစ်ချက် သေနတ်သံကြားရတယ်။ လက်နက်ချလို့ တစ်ယောက်ယောက် အော်ပြောတာလည်း ကြားရတယ်။ အဲဒီနောက် အချက်တော်တော်များများထပ်ပစ်သံတွေ ကြားရတယ်” ဟုမျက်မြင်သက်သေတစ်ဦးကလည်း ပြောသည်။

ပါရီမြို့တောင်ပိုင်းဗီရှူးအရပ်တွင်ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းကဓားထိုးတိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ 
    ဓားသမားသည်အသေခံဗုံးခွဲဝတ်စုံဝတ်ထားကာလူအများကြားဖောက်ခွဲမည်ကိုစိုးရိမ်ရသဖြင့် အချက်များစွာပစ်ခတ်သုတ်သင်ခဲ့ရခြင်းဖြစ်ကြောင်းပါရီရဲတပ်ဖွဲ့ကဖြေရှင်းချက် ထုတ်ပြန်ထားသည်။ ဓားသမားသည် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကာနာသန် စီဟုအမည်ရပြီးစိတ်ကျန်းမာရေးမကောင်းသည့် မှတ်တမ်းရှိသူဖြစ်ကြောင်းသိရသည်။

ဓားထိုးခံရသဖြင့် သေဆုံးသူမှာအသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းဗီရှူးအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူဖရန့် လီဘော်ဟဲလက်က ပြောသည်။