ကာတာလိုနီးယားသမ္မတကိုတရားမဝင်အဖြစ် စပိန် ရွေးကောက်ပွဲဘုတ်အဖွဲ့ကြေညာ

ကာတာလိုနီးယားသမ္မတကိုတရားမဝင်အဖြစ် စပိန် ရွေးကောက်ပွဲဘုတ်အဖွဲ့ကြေညာ

ကာတာလိုနီးယားဒေသခွဲထွက်ရေးခေါင်းဆောင်လည်းဖြစ် ဒေသသမ္မတလည်းဖြစ်သူ ချင် တိုရာသည် ကာတာလိုနီးယားဒေသလွှတ်တော်အမတ်တစ်ဦး၏ အရည်အချင်းနှင့် မကိုက်ညီကြောင်းစပိန် ရွေးကောက်ပွဲဘုတ်အဖွဲ့ကကြေညာခဲ့မှုကြောင့် ချင် တိုရာသည် ကာတာလိုနီးယားသမ္မတရာထူးကိုပါ လက်လွှတ်ရမည့် အနေအထားဖြစ်နေသည်။

ချင် တိုရာသည် ရွေးကောက်ပွဲကာလအတွင်းအစိုးရရုံးများ၌ ခွဲထွက်ရေးအလံနှင့် သင်္ကေတများတပ်ဆင်မှုကိုဖျက်သိမ်းရန် ငြင်းဆန်မှုသည် အမိန့်ဖီဆန်ရာရောက်ကြောင်းကာတာလိုနီးယားတရားရုံးချုပ်က ပြီးခဲ့သည့်လကအမိန့်ချမှတ်ခဲ့ပြီး ချင် တိုရာကို အစိုးရရာထူးများ၌ ဝင်ရောက်ထမ်းဆောင်ခွင့် ၁၈ လ ပိတ်ခဲ့ကာ ရွေးကောက်ပွဲဘုတ်အဖွဲ့ကလည်း ချင် တိုရာကိုလွှတ်တော်အမတ် အရည်အချင်းမပြည့်စုံဟုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကာတာလိုနီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွဲ့စည်းပုံအရဒေသ၏ သမ္မတသည် ဒေသလွှတ်တော်တွင် အမတ်တစ်ဦးအဖြစ်လည်းရပ်တည်နိုင်ရန် လိုအပ်သည်။

ရွေးကောက်ပွဲဘုတ်အဖွဲ့၏အမိန့်ကိုတန်ပြန်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ချင် တိုရာက ထုတ်ပြန်ထားသည်။ အမိန့်ဖီဆန်ကြောင်းကာတာလိုနီးယားတရားရုံးချုပ်၏ ပြီးခဲ့သည့်လကစီရင်ချက်ကိုလည်းအယူခံဝင်သွားမည်ဖြစ်ကြောင်းတိုရာကပြောသည်။တရားရုံးစီရင်ချက် ထွက်လာပြီးနောက် ဒေသမြို့တော် ဘာစီလိုနာနှင့် အခြားသောကာတာလန်မြို့ အများအပြားတွင် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ဒေသ၏ သမ္မတကို ကာတာလိုနီးယားလွှတ်တော်ကသာ ဖြုတ်ချခွင့်ရှိကြောင်း တိုရာက ပြောသည်။

တိုရာကို ကာတာလိုနီးယားလွှတ်တော်အမတ် အရည်အချင်းနှင့် ပြည့်စုံခြင်းရှိမရှိစိစစ်အကဲဖြတ်ပေးရန် လက်ယာယိမ်းနိုင်ငံရေးအင်အားစုများကရွေးကောက်ပွဲဘုတ်အဖွဲ့သို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။၂၀၁၇ ခုနှစ်တွင် ကာတာလိုနီးယားဒေသကိုစပိန်မှခွဲထွက်ကာသီးခြားနိုင်ငံထူထောင်ရေးဒေသခေါင်းဆောင်များ ကြိုးပမ်းမှု မအောင်မြင်ခဲ့သည့်နောက်ပိုင်း ကာတာလိုနီးယားဒေသအစိုးရနှင့် စပိန် ဗဟိုအစိုးရကြားတင်းမာမှုများ မြင့်တက်လျက်ရှိသည်။