အလုပ်သွားအလုပ်ပြန် လမ်းပေါ်၌အချိန်ကုန်သူများ အိပ်ချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်နည်းကာ အဝလွန်နိုင်ခြေပိုများ

အလုပ်သွားအလုပ်ပြန် လမ်းပေါ်၌အချိန်ကုန်သူများ အိပ်ချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်နည်းကာ အဝလွန်နိုင်ခြေပိုများ

အလုပ်သွားအလုပ်ပြန် လမ်းပေါ်၌အချိန်ကုန်သူများသည် အလုပ်နှင့်အိမ်နီးသူများနှင့်ယှဉ်လျှင် အိပ်ချိန်ပိုနည်းပြီး၊ ထိုင်ချိန်ပိုများကာ လေ့ကျင့်ခန်းလုပ်ဖြစ်ချိန်လည်းနည်းပါးသဖြင့် အဝလွန်နိုင်ခြေပိုများကြောင်း ဆွီဒင်လေ့လာမှုစစ်တမ်းတစ်ရပ်က ဖော်ပြသည်။

တစ်ပတ်လျှင် အလုပ်ချိန် နာရီ ၄၀ နှင့်အထက် လုပ်ရသူများ၊ အလုပ်သွားအလုပ်ပြန် ခရီးတစ်ကြောင်းလျှင် လမ်းပေါ်၌မိနစ် ၃၀ အထက် အချိန်ပိုကုန်သူများသည် အထိုင်များသည့် လူမှုပုံစံတွင် အသားကျနိုင်ခြေ ၂၅ ရာခိုင်နှုန်းပိုများသလို၊ အိပ်စက်မှုပြဿနာ ကြုံရနိုင်ခြေ ၁၆ ရာခိုင်နှုန်းပိုများကြောင်းလည်းလေ့လာမှုစစ်တမ်းကဖော်ပြသည်။

“အလုပ်သွားအလုပ်ပြန် လမ်းပေါ်မှာအချိန်ကုန်တာများတာကြောင့် စိတ်အပန်းဖြေဖို့ အချိန်နည်းတာဟာလူကိုစိတ်ဖိစီးစေပြီးအိပ်မပျော်တဲ့ ပြဿနာပိုဖြစ်ပွားစေပါတယ်” ဟုစစ်တမ်းအဖွဲ့ကိုခေါင်းဆောင်သည့် စတော့ဟုမ်းတက္ကသိုလ်မှ ဂျာနာဟာလိုနန်ကပြောသည်။

တစ်နေကုန် အလုပ်လုပ်၊ အိမ်အပြန် လမ်းပေါ်၌ အချိန်ကုန်ခဲ့သည့် လူများသည် အိမ်ပြန်ရောက်ချိန်တွင် ပင်ပန်းနေပြီဖြစ်သောကြောင့်ကိုယ်လက်လှုပ်ရှားကျန်းမာရေးလိုက်စားဖြစ်နိုင်ခြေလည်းအလွန်နည်းသွားရကြောင်းစစ်တမ်းကထောက်ပြသည်။စစ်တမ်းအဖွဲ့သည် ၂၀ဝ၈ မှ ၂၀၁၈ အကြားလူပေါင်း ၂၂၀ဝ၀ ၏ အလုပ်ချိန်၊ အလုပ်သွားအလုပ်ပြန် လမ်းပေါ်တွင် ကုန်ရသည့်အချိန်နှင့်၊ စားသောက်နေထိုင်မှု၊ ကျန်းမာရေးလိုက်စားမှု၊ အိပ်စက်မှု အနေအထားများကိုစစ်တမ်းကောက် လေ့လာခဲ့ခြင်းဖြစ်သည်။ စစ်တမ်းပါဝင်သူများ၏ ခန္ဓာကိုယ်ညွှန်းကိန်း (ဘီအမ်အိုင်) ကိုလည်း မှတ်တမ်းတင်ခဲ့သည်။ စစ်တမ်းစတင်ချိန်တွင် ပါဝင်သူများသည် ပျမ်းမျှ အသက် ၄၈ နှစ်ရှိသည်။

တစ်ပတ်လျှင် နာရီ ၄၀ အောက်သာအလုပ်လုပ်ရသူများအဖို့ အလုပ်သွားအလုပ်ပြန် လမ်းပေါ်တွင် အချိန်ကုန်ခြင်းက ကျန်းမာရေးအပေါ် သိသာသောသက်ရောက်မှု မရှိသော်လည်း၊ နာရီ ၄၀ အထက် အလုပ်လုပ်ရသူများမှာမူ အလုပ်သွားအလုပ်ပြန် လမ်းပေါ်တွင် အချိန်ပိုကုန်လေ ကျန်းမာရေးဆိုးကျိုးပိုရှိလာလေဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့သည်။