ဟောင်ကောင်ရှိ တရုတ်ဆက်ဆံရေးရုံးအကြီးအကဲ ဝမ် ကျိမင်းကို ရာထူးမှဖယ်ရှားလိုက်ပြီဖြစ်ကြောင်း တရုတ်လူသားအရင်းအမြစ်နှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင် ၎င်းတို့၏ဝက်ဘ်ဆိုက်၌ဖော်ပြထားသည်။
ဟောင်ကောင်ရှိ တရုတ်ဆက်ဆံရေးရုံးသည် တရုတ်ဗဟိုအစိုးရကို ကိုယ်စားပြုသည်။ တရုတ်ဗဟိုအစိုးရနှင့် ဟောင်ကောင်တို့ကြား ဆက်ဆံရေးကို ဆက်ဆံရေးရုံးမှတစ်ဆင့် အဓိကပြုလုပ်နေခြင်းဖြစ်သည်။ ဟောင်ကောင်ရှိ တရုတ်အရာရှိများတွင် ဝမ်သည် ရာထူးအမြင့်ဆုံးဖြစ်ခဲ့သည်။
ဆက်ဆံရေးရုံးအကြီးအကဲသစ်မှာ အသက် ၆၅ နှစ်အရွယ် လျူ ဟွင်ယင်းဖြစ်လာမည်ဖြစ်သည်။ ဟွင်ယင်းသည် ရှန်းရှီခရိုင် ကွန်မြူနစ်ပါတီအတွင်းရေးမှူးအဖြစ်မှ ဖယ်ရှားခံရပြီးနောက် တစ်စိတ်တစ်ပိုင်း အငြိမ်းစားရရှိနေသူဖြစ်သည်။ ဟောင်ကောင်ရှိ အကျပ်အတည်းနှင့်ပတ်သက်၍ ဆက်ဆံရေးရုံး၏တုံ့ပြန်မှုအပေါ် ဗဟိုအစိုးရက ကျေနပ်ခြင်းမရှိသည့်အတွက် ဝမ်ကို ဖယ်ရှားရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဆက်ဆံရေးရုံးသည် ဟောင်ကောင်ရှိ အခြေအနေများကို လွဲမှားစွာသုံးသပ်ခဲ့ကြောင်း ပြောဆိုမှုများရှိခဲ့သည်။
ဝမ်သည် ၁၉၉၇ ခုနှစ်မှစ၍ ဆက်ဆံရေးရုံးအကြီးအကဲများအနက် သက်တမ်းအတိုဆုံး အကြီးအကဲဖြစ်သည်။

















