အိန္ဒိယ၌ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာဥပဒေကို လူတစ်သိန်းခန့် ဆန့်ကျင်ဆန္ဒပြ

အိန္ဒိယ၌ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာဥပဒေကို လူတစ်သိန်းခန့် ဆန့်ကျင်ဆန္ဒပြ

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏အစိုးရက အတည်ပြုလိုက်သည့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ပြင်ဆင်ဖြည့်စွက်ချက်ဥပဒေ( စီအေအေ) နှင့်ပတ်သက်၍ နိုင်ငံတောင်ပိုင်းရှိ ဟိုက်ဒရာဘတ်မြို့၌ ဇန်နဝါရီ ၄ ရက်တွင် လူတစ်သိန်းခန့် ဆန့်ကျင်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့သည်။

သန်းချီချီတက်ပွဲဟု အမည်ပေးထားသည့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို မွတ်စလင်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများပါဝင်သည့် အဖွဲ့အစည်းတစ်ခုက စီစဉ်ခဲ့ခြင်းဖြစ်သည်။ ဟိုက်ဒရာဘတ်ရှိ စုစုပေါင်းလူဦးရေ ခုနစ်သန်းအနက် ၄၀ ရာခိုင်နှုန်းကျော်သည် မွတ်စလင်များဖြစ်ကြသည်။

လူ ၁၀ဝ၀ ခန့် ပါဝင်ချီတက်ရန်သာ ခွင့်ပြုထားပြီး ယင်းထက်ပိုသည့် ဦးရေပါဝင်သော ဆန္ဒပြမှုများကို ခွင့်မပြုကြောင်း ရဲတပ်ဖွဲ့ကပြောဆိုထားသော်လည်း ဇန်နဝါရီ ၄ ရက် အနှောင်းပိုင်းအထိ ချီတက်ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ကြသည်။ မိုဒီ၏အစိုးရက ဒီဇင်ဘာတွင် အတည်ပြုခဲ့သည့် ဥပဒေကြောင့် နိုင်ငံတွင်း တစ်ခါတရံတွင် အကြမ်းဖက်မှုများပါဝင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

ဟိုက်ဒရာဘတ်ရှိ ဆန္ဒပြသူများသည် "စီအေအေကို ချက်ချင်းရုပ်သိမ်းပေး" နှင့် "အိန္ဒိယရဲ့ တစ်ခုတည်းသော ဘာသာက လောကီဝါဒသာဖြစ်တယ်" ဟုရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။ ဥပဒေသစ်အရ အိမ်နီးချင်းများဖြစ်သည့် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့မှ ဖိနှိပ်မှုများကြောင့် ထွက်ပြေးလာသည့် မွတ်စလင်မဟုတ်သူများသည် အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ရရှိမည်ဖြစ်သည်။ သို့သော် အိန္ဒိယအစိုးက အဆိုပြုထားသည့် နိုင်ငံသားဖြစ်မှုမှတ်ပုံတင်သော အစီအစဉ်နှင့် ယင်းဥပဒေတို့ကို ပေါင်းစပ်လိုက်ပါက အိန္ဒိယရှိ မွတ်စလင်လူနည်းစုဝင်များ ဖယ်ထုတ်ခံရပြီး အိန္ဒိယ၏ အရပ်ဘက်ဝါဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအားနည်းသွားနိုင်ကြောင်း စီအေအေကို ဝေဖန်သူများကပြောဆိုခဲ့သည်။

မွတ်စလင်အများစုနေထိုင်သော နိုင်ငံများရှိ လူနည်းစုဝင်များကို အကူအညီပေးရန် ဥပဒေသစ်ကို အတည်ပြုခဲ့ရခြင်းဖြစ်ကြောင်း မိုဒီ၏အစိုးရကပြောဆိုခဲ့သည်။ ဒီဇင်ဘာအစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဆုံမှုများကြောင့် လူ ၂၅ ဦးထက် မနည်းသေဆုံးခဲ့ပြီးဖြစ်သည်။