ဂျကာတာ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၆၀ ဦးခန့်ရှိသွားပြီဖြစ်

ဂျကာတာ၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၆၀ ဦးခန့်ရှိသွားပြီဖြစ်

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာ၌ နှစ်သစ်ကူးအကြိုနေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာ မြေပြိုမှုများကြောင့် သေဆုံးသူဦးရေသည် ဇန်နဝါရီ ၅ ရက်အထိ ၆၀ ဦးခန့်ရှိသွားပြီဖြစ်ကြောင်း အစိုးရအရာရှိများက ပြောဆိုခဲ့သည်။
 

မုတ်သုံမိုးနှင့် မြစ်ရေလျှံမှုများကြောင့် ဂျကာတာမြို့တွင်း မြေပြိုမှုများရှိခဲ့သည်။ ရေနစ်မှုနှင့် ဓာတ်လိုက်မှုများကြောင့် လူအများဆုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးဌာန၏ပြောခွင့်ရှိသူ အဲဂတ်စ် ဝီဘိုဝိုကပြောဆိုခဲ့သည်။ ယခုရေကြီးရေလျှံမှုသည်  ၁၀ ရက်အတွင်း လူ ၈၀ သေဆုံးစေခဲ့သည့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော ၂၀ဝ၇ ခုနှစ်မှစ၍ အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်သည်။

ဂျကာတာနား ဘန်တန်ခရိုင် လဲဘတ်စီရင်စုရှိ ကျေးရွာများစွာတို့တွင် ရုတ်တရက်ရေကြီးရေလျှံပြီး မြေပြိုမှုများကြောင့် လူများစွာသေဆုံးခဲ့ပြီး ယင်းနေရာတွင် ရုပ်အလောင်းများကို ဆက်လက်တွေ့ရှိနေဆဲဖြစ်ကြောင်း ဝီဘိုဝိုကပြောဆိုခဲ့သည်။ ပျောက်ဆုံးနေသည့် ကျေးရွာသားနှစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဘိုဂေါ်စီရင်စု စီဂူဒက်ကျေးရွာ၌ မြေပြိုပြီးနောက် ကျေးရွာသားသုံးဦးခန့်ပျောက်ဆုံးနေဆဲဖြစ်သောကြောင့် သေဆုံးသူဦးရေတိုးလာနိုင်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ရစ်ဝမ်ကပြောဆိုခဲ့သည်။ ရာသီဥတုဆိုးရွားခြင်း၊ မြေပြိုခြင်းများကြောင့် ရှာဖွေကယ်ဆယ်ရာတွင် အခက်တွေ့ခဲ့ပြီး လမ်းများပျက်စီးမှုကြောင့် ရက်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့သည့် ကျေးရွာငယ်ရှစ်ခုသို့ ဇန်နဝါရီ ၄ ရက်တွင် ရှာဖွေကယ်ဆယ်ရေးသမားများရောက်ရှိခဲ့ပြီး အားနည်းနေသည့် ကျေးရွာသား ၁၇၀ဝ ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း ရစ်ဝမ်ကပြောဆိုခဲ့သည်။

လူ ၉၂၂၀ဝ ဦး ခန့်သည် နေအိမ်များသို့ မပြန်နိုင်သေးဘဲ ခိုလှုံရေးစခန်းများတွင် ဆက်လက်နေထိ်ုင်နေရဆဲဖြစ်ကြောင်း အစိုးရ၏စာရင်းအင်းများက ဆိုခဲ့သည်။ ဂျကာတာမြို့နားသို့ ချဉ်းကပ်လာသည့် တိမ်များထဲသို့ ဓာတုပစ္စည်းများ ပစ်သွင်းပြီး မိုးတားသည့် အစီအစဉ်ကို ဇန်နဝါရီ ၃ ရက်တွင် စတင်ခဲ့သည်။  ဆေးဝါးများ၊ ပိုးသတ်ဆေးများနှင့် အစားအစာများဝေငှရန်အတွက် ကျန်းမာရေးဝန်ထမ်းနှင့် စစ်သည် ၁၁၀ဝ၀ တို့ကို တာဝန်ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရေကြီးရေလျှံမှုထိန်းချုပ်ရေးအခြေခံအဆောက်အအုံစီမံကိန်းများအကောင်အထည်ဖော်ရန် နှောင့်နှေးခဲ့သည့်အတွက် ယခုကဲ့သို့ ထိခိုက်နစ်နာမှုများပြားခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဇန်နဝါရီ ၂ ရက်တွင်ပြောဆိုခဲ့သည်။ ဂျကာတာသည် လူဦးရေအဆမတန်ထူထပ်နေပြီး တဖြည်းဖြည်းနစ်မြုပ်နေပြီဖြစ်သည့်အတွက် မြို့တော်ကို ဘော်နီယိုကျွန်းရှိ အရှေ့ကာလီမန်တန်ခရိုင်သို့ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ဝီဒိုဒိုက ကြေညာထားပြိီးဖြစ်သည်။