နစ်ဆန်းအကြီးအကဲဟောင်း လွတ်မြောက်ပြီးနောက် လူဝင်မှုကြီးကြပ်ရေးစနစ်တင်းကျပ်မည်ဟု ဂျပန်တရားရေးဝန်ကြီး ပြော

နစ်ဆန်းအကြီးအကဲဟောင်း လွတ်မြောက်ပြီးနောက် လူဝင်မှုကြီးကြပ်ရေးစနစ်တင်းကျပ်မည်ဟု ဂျပန်တရားရေးဝန်ကြီး ပြော

နစ်ဆန်းကုမ္ပဏီအကြီးအကဲဟောင်း ကားလို့စ် ဂိုဆန် အာမခံဖြင့် လွတ်မြောက်နေစဉ်အတွင်း ပြည်ပသို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် ဂျပန်၏လူဝင်မှုကြီးကြပ်ရေးစနစ်ကို တင်းကျပ်မည်ဖြစ်ကြောင်း ဂျပန်တရားရေးဝန်ကြီး မာဆာကို မိုရီက ဇန်နဝါရီ ၅ ရက်တွင် ပြောဆိုခဲ့သည်။

ဂိုဆန် ဂျပန်နိုင်ငံတွင်းမှ တရားမဝင်ပြောင်ပြောင်တင်းတင်းထွက်ခွာခွင့်ရရှိခဲ့သည့်အတွက် မကျေမနပ်ဖြစ်မိပြီး အမှန်တရားကိုသိရှိနိုင်ရေး ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း မိုရီကပြောဆိုခဲ့သည်။ ထို့ပြင် ဂိုဆန် ဂျပန်နိုင်ငံမှ ထွက်ပြေးသွားသည့် မှတ်တမ်းများကိုလည်း မတွေ့ရှိရသေးကြောင်း မိုရီကပြောဆိုခဲ့သည်။

ဂိုဆန်က အာမခံဖြင့် လွတ်မြောက်ခွင့်ရသည့် အခြေအနေကို အခွင့်ကောင်းယူပြီး ထွက်ပြေးလွတ်မြောက်သွားခြင်းကို လက်မခံနိုင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ တရားရုံးကလည်း အာမခံပေးထားမှုကို ရုပ်သိမ်းခဲ့သည်။

ဂျပန်ရှိ တရားမျှတမှုမရှိသော တရားရေးစနစ်ကို လက်မခံနိုင်သည့်အတွက် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး လက်ဘနွန်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဂိုဆန်က ဒီဇင်ဘာ ၃၁ ရက်တွင် ပြောဆိုခဲ့သည်။ နိုင်ငံတကာရဲတပ်ဖွဲ့ကလည်း ဂိုဆန်ကို ဖမ်းဆီးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။ ဂျပန်နှင့် လက်ဘနွန်တို့ကြား တရားခံလွှဲပြောင်းခွင့် သဘောတူထားခြင်းမရှိချေ။

ဂျပန်တရားရေးစနစ်သည် လူပုဂ္ဂိုလ်တစ်ဦး၏ အခြေခံလူ့အခွင့်အရေးကို အကာအကွယ်ပေးထားပြီး ဖြစ်ရပ်မျိုးစုံ၌ အမှန်တရားထွက်ပေါ်လာရေးအတွက် သင့်လျော်သည့် နည်းလမ်းမျိုးစုံကို နည်းလမ်းတကျအသုံးပြုခဲ့ကာ အာမခံဖြင့် လွတ်မြောက်နေသူတစ်ဦး ထွက်ပြေးလွတ်မြောက်ခွင့်ရရှိသွားခြင်းကို လက်မခံနိုင်ကြောင်း မိုရီက ထုတ်ပြန်ပြောဆိုခဲ့သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် စတင်အဖမ်းခံခဲ့ရသည့် ဂိုဆန်သည် လွန်ခဲ့သောလပေါင်းများစွာအတွင်း အာမခံဖြင့် လွတ်မြောက်ခဲ့ကာ မကြာသေးမီတွင် တိုကျိုရှိ အထက်တန်းလွှာများနေထိုင်ရာရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အပြစ်မရှိကြောင်း ဂိုဆန်က အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်သည်။

ဂိုဆန်သည် အလုပ်မှ အနားယူပြီးနောက်ရရှိမည့် ဆုကြေးပမာဏကို လျှော့ပေါ့ထုတ်ပြန်ခြင်း၊ နစ်ဆန်းကုမ္ပဏီပိုင်ငွေများကို ကိုယ်ကျိုးအတွက် ပြောင်းလဲထားရှိခြင်းဖြင့် ယုံကြည်မှုချိုးဖောက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ဂိုဆန် မည်ကဲ့သို့ လွတ်မြောက်ခဲ့သည်ကို မသိရှိရသော်လည်း တူရကီလေကြောင်းလိုင်းကုမ္ပဏီ MNG Jet က ၎င်းတိိုု့ပိုင်လေယာဉ်နှစ်စင်းကို တရားမဝင်အသုံးပြုခဲ့ကြောင်း၊ ဂျပန်ရှိ အိုဆာကာသို့ ဦးစွာပျံသန်းပြီးနောက် တူရကီနိုင်ငံ အစ္စတန်ဘူသို့ ပျံသန်းခဲ့ကာ နောက်ဆုံးတွင် လက်ဘနွန်နိုင်ငံ ဘေရွတ်သို့ ပျံသန်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။