သြစတြေးလျ တောမီးလောင်ကျွမ်းပျက်စီးမှုပမာဏ ဘယ်ဂျီယံနိုင်ငံ နှစ်ဆခန့် ကြီးမား

သြစတြေးလျ တောမီးလောင်ကျွမ်းပျက်စီးမှုပမာဏ ဘယ်ဂျီယံနိုင်ငံ နှစ်ဆခန့် ကြီးမား

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လောင်ကျွမ်းလျက်ရှိသော တောမီးများကြောင့် မြေယာများ ပျက်စီးမှု ဧရိယာစုစုပေါင်းသည် ဘယ်ဂျီယံနိုင်ငံ နှစ်ဆခန့် ကြီးမားလျက်ရှိကြောင်း သိရသည်။

ဓာတ်အားဖြန့်ဖြူးရေးစက်ရုံများ မီးသင့်ပျက်စီးမှုကြောင့် အဓိကမြို့ကြီး အများအပြား ဓာတ်အားပြတ်တောက်မည့်အန္တရာယ်ရှိနေသည်။ တောမီးဧရိယာသည် စုစုပေါင်း စတုရန်း ကီလိုမီတာ ခြောက်သောင်းကျော်ရှိရာ ဘယ်ဂျီယံနိုင်ငံ၏ နှစ်ဆခန့်ဖြစ်သည်။ နှိုင်းယှဉ်ရလျှင် ၂၀၁၉ သြဂုတ်က အမေဇုန်မိုးသစ်တော တောမီးကြောင့် စတုရန်းကီလိုမီတာ ၂၅၀ဝ၀ ပျက်စီးခဲ့ကာ၊ ၂၀၁၈ ခုနှစ်က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောမီးကြောင့် စတုရန်းကီလိုမီတာ ရှစ်ထောင် မီးသင့်ပျက်စီးခဲ့သည်။

"သမိုင်းတစ်လျှောက် မကြုံဖူးတဲ့ တောမီးပမာဏနဲ့ ကြုံနေရပါတယ်။ လုံးဝကို မတွေ့ဖူး မကြုံဖူးတဲ့ အနေအထားပါ" ဟု နယူးဆောက်သ်ဝေးပြည်နယ် ဝန်ကြီးချုပ် ဂလိုက်စ် ဘာရက်ဂျီကလန်က ပြောသည်။

ယခင်က တောမီးအန္တရာယ်လုံးဝ မကြုံဖူးသည့် ဒေသအများအပြားပင် တောမီးကြောင့် လုံးဝပျက်စီးရမည့် အန္တရာယ်ကြုံနေရကြောင်းလည်း ဘာရက်ဂျီကလန်က ဆက်လက်ပြောသည်။ စက်တင်ဘာလကုန်ပိုင်းက စတင်ကာ တောမီးကြောင့် ၂၃ ဦး သေဆုံးခဲ့သည်။ ၁၇ ဦးသည် နယူးဆောက်သ်ဝေးပြည်နယ်မှဖြစ်ပြီး တောမီးကြောင့် အိမ်ခြေ ၁၅၀ဝ ကျော် ပျက်စီးခဲ့သည်။

တောမီးကြောင့် နယူးဆောက်သ်ဝေးပြည်နယ် တစ်ခုတည်းအတွင်းမှာပင် တောရိုင်းတိရစ္ဆာန်ကောင်ရေ သန်း ၄၈၀ နီးပါး သေဆုံးရနိုင်ကြောင်း ဆစ်ဒနီ တက္ကသိုလ် စစ်တမ်းတစ်ရပ်က ဖော်ပြသည်။ လေထန်ကာ ရာသီဥတုပူပြင်းနေသဖြင့် တောမီးပျံ့ပွားမှု ပိုမိုမြန်ဆန်လျက်ရှိသည်။

တောမီးကြောင့် ဓာတ်အားပေးရုံအချို့ပျက်စီးကာ၊ ဓာတ်အားလိုင်းများလည်း ပျက်စီးသဖြင့် နိုင်ငံ၏ အကြီးဆုံးမြို့ ဆစ်ဒနီသည် အလှည့်ကျ ဓာတ်အားပြတ်တောက်နိုင်ခြေရှိကြောင်းလည်း နယူးဆောက်သ်ဝေးပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

ဆစ်ဒနီသည် သမိုင်းတစ်လျှောက် အမြင့်ဆုံး နေ့အပူချိန်အဖြစ် ၄၈ ဒသမ ၉ ဒီဂရီ စင်တီဂရိတ်ထိ ရောက်ရှိခဲ့သလို၊ မြို့တော် ကန်ဘာရာတွင်လည်း ၄၄ ဒီဂရီ စင်တီဂရိတ်ထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သြစတြေးလျ မိုးလေဝသဌာနက ဖော်ပြသည်။