ရုရှားနှင့် ဘီလာရုစ်အကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူချက် မရရှိသဖြင့် ပြီးခဲ့သည့်သီတင်းပတ်မှစတင်ကာ ရုရှားက ဘီလာရုစ်သို့ ရေနံစိမ်းတင်ပို့မှု ရပ်ဆိုင်းထားခြင်းကို ဇန်နဝါရီ ၄ ရက်တွင် အကန့်အသတ်ဖြင့် ပြန်လည်တင်ပို့ခဲ့ကြောင်း သိရသည်။
ရုရှားမှ ရေနံစိမ်းများ ပြန်လည်ဝင်ရောက်လာကြောင်း ဘီလာရုစ် နိုင်ငံပိုင် ရေနံကုမ္ပဏီ ဘယ်နက်ဖ်တက်ဟင်က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်သည်။ ရေနံစိမ်းများ ပြန်လည်ဝင်ရောက်လာမှုကြောင့် ၂၀၂၀ ဇန်နဝါရီလအတွင်း ရေနံချက်စက်ရုံများ လည်ပတ်ရန် လုံလောက်မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောသည်။
ရေနံစိမ်း တန် ၁၃၃၀ဝ၀ ကို ဘီလာရုစ်သို့ တင်ပို့မည်ဖြစ်ကြောင်း ရုရှား ရေနံပိုက်လိုင်း စီမံခန့်ခွဲရေးကုမ္ပဏီ Transneft က ပြောသည်။ စီးပွားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးပွဲများ မပြီးပြတ်သေးခင်အတွင်း ရေနံစိမ်းများကို ယခင်အတိုင်း လျှော့ဈေးဖြင့် ရရှိထားကြောင်း ဘယ်နက်ဖ်တက်ဟင် ကုမ္ပဏီက ပြောသည်။နှစ်နိုင်ငံ စီးပွားပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးပွဲများ မအောင်မြင်သဖြင့် ရုရှားသည် ဒီဇင်ဘာ ၃၁ နောက်ပိုင်းမှစတင်ကာ ဘီလာရုစ်သို့ ရေနံစိမ်းတင်ပို့မှု ရပ်ဆိုင်းထားခြင်းဖြစ်သည်။
စီးပွားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွင် ရေနံစိမ်းဈေးကိုလည်း ပြန်လည်ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဘီလာရုစ်သည် စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို ရုရှားအပေါ် မှီခိုနေရခြင်းဖြစ်သည်။ ရုရှားထံမှ ရေနံစိမ်းများ မရရှိသဖြင့် နိုင်ငံ့ဂျီဒီပီ ၂၀ ရာခိုင်နှုန်း ရရှိနေသော ရေနံတင်ပို့လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားရကြောင်း ဘီလာရုစ် အစိုးရက ကြေညာထားသည်။
ရုရှားပြည်တွင်းရောင်းဈေးကဲ့သို့ သက်သာသောနှုန်းဖြင့် ရေနံစိမ်းများ ဆက်လက်ဝယ်ယူလိုပါက ဘီလာရုစ်အနေဖြင့် ရုရှားနှင့် အခြားသော ကဏ္ဍများတွင် စီးပွားပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်လိုကြောင်း ရုရှားက ဖိအားပေးခဲ့သည်။ ဘီလာရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ဒီဇင်ဘာလအတွင်း စီးပွားပူးပေါင်းဆောင်ရွက်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေး သတ်မှတ်ရေး နှစ်ကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

















