လစ်ဗျားမြို့တော် ထရီပလီရှိ စစ်သင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု ၁၆ ဦးထက်မနည်း သေဆုံး

လစ်ဗျားမြို့တော် ထရီပလီရှိ စစ်သင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု ၁၆ ဦးထက်မနည်း သေဆုံး

လစ်ဗျားနိုင်ငံမြို့တော် ထရီပလီရှိ စစ်သင်တန်းကျောင်းကို ဇန်နဝါရီ ၄ ရက်က လေကြောင်းတိုက်ခိုက်ခံရသဖြင့် သင်တန်းသားအများစုအပါအဝင် လူ ၁၆ ဦးထက်မနည်း သေဆုံးသွားကြောင်း လစ်ဗျား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

ထရီပလီမြို့ တောင်ပိုင်းရှိ ဟာဒါဘာအရပ်တွင် တည်ရှိသော စစ်သင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး တာဝန်ခံ မာလက်ခ် မာဆက်က ပြောသည်။

ထရီပလီ တောင်ပိုင်းဒေသသည် အစိုးရနှင့် အစိုးရဆန့်ကျင်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေသော ဒေသလည်းဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

မြို့တော် ထရီပလီကို ကုလသမဂ္ဂ ကျောထောက်နောက်ခံပေးထားသော အစိုးရတပ်များက ထိန်းချုပ်ထားပြီး ဗိ်ုလ်ချုပ် ခါလီဖာ ဟစ်ဖ်တာ ဦးဆောင်သော လစ်ဗျားနေရှင်နယ်အာမီ လက်နက်ကိုင်တပ်များက ထရီပလီကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ လစ်ဗျား အစိုးရသည် တူရကီနှင့် စစ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ၊ လစ်ဗျားသို့ တပ်ကူများ စေလွှတ်ရေး တူရကီ လွှတ်တော်ကလည်း အတည်ပြုခဲ့ပြီးနောက် ဗိုလ်ချုပ် ခါလီဖာက ထရီပလီကို အပြီးသတ်သိမ်းပိုက်မည်ဟု ကြေညာခဲ့ကာ တိုက်ပွဲများလည်း အရှိန်မြင့်တက်လျက်ရှိသည်။

စစ်သင်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွက် လစ်ဗျားနေရှင်နယ်အာမီကို အစိုးရက ပြစ်တင်လျက်ရှိပြီး လစ်ဗျားနေရှင်နယ်အာမီ လက်နက်ကိုင်တပ်ဖွဲ့ဘက်ကမူ တုံ့ပြန်ခြင်းမရှိသေးကြောင်း တွေ့ရသည်။ ဟစ်ဖ်တာသည် ဧပြီလတွင် မြို့တော် ထရီပလီကို သိမ်းပိုက်နိုင်ရေး ရှောင်တခင် အကြီးစား ထိုးစစ်များ ဆင်နွှဲခဲ့သည်။ ညီညွတ်သော အစိုးရတစ်ရပ်ဖွဲ့စည်းကာ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရေးအတွက် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟုလည်း ဟစ်ဖ်တာက တစ်ချိန်တည်းမှာပင် ကတိပေးထားသည်။

ဟစ်ဖ်တာ၏ လစ်ဗျားနေရှင်နယ်အာမီကို ပြင်သစ်၊ ရုရှား၊ ဂျော်ဒန်၊ ယူအေအီးနှင့် အခြား အာရပ်နိုင်ငံများက ထောက်ခံထားပြီး၊ လစ်ဗျား အစိုးရကို တူရကီ၊ အီတလီနှင့် ကာတာတို့က ထောက်ခံထားသည်။