အီရန်က လက်တုံ့ပြန်တိုက်ခိုက်လာပါက အီရန် ပစ်မှတ် ၅၂ ခုကို တိုက်ခိုက်ချေမှုန်းရန် အသင့်ပြင်ထားသည်ဟု သမ္မတထရမ့် ခြိမ်းခြောက်

အီရန်က လက်တုံ့ပြန်တိုက်ခိုက်လာပါက အီရန် ပစ်မှတ် ၅၂ ခုကို တိုက်ခိုက်ချေမှုန်းရန် အသင့်ပြင်ထားသည်ဟု သမ္မတထရမ့် ခြိမ်းခြောက်

အီရန် ကွက်ဒ်တပ်ဖွဲ့ အကြီးအကဲကို အမေရိကန်က လေကြောင်းတိုက်ခိုက် သုတ်သင်ခဲ့ခြင်းအတွက် အီရန်က လက်တုံ့ပြန်တိုက်ခိုက်လာမည်ဆိုပါက အီရန်နိုင်ငံအတွင်း ပစ်မှတ် ၅၂ ခုထိကို အမြန်ဆုံး၊ အပြင်းထန်ဆုံး တိုက်ခိုက်ချေမှုန်းရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။

အီရန် ကွက်ဒ်တပ်ဖွဲ့ ဗိုလ်ချုပ် ခါဆမ် ဆိုလာမာနီကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှု အစီရင်ခံစာကို အမေရိကန်အစိုးရက လွှတ်တော်သို့လည်း တင်သွင်းထားပြီဖြစ်သည်။ အခြားနိုင်ငံများနှင့် စစ်ဖြစ်နိုင်ခြေရှိသော အနေအထားမျိုးတွင် အမေရိကန်တပ်ဖွဲ့များကို အသုံးပြုမိပါက ၄၈ နာရီအတွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရန် အမေရိကန်ဥပဒေအရ သတ်မှတ်ထားသည်။

လိုအပ်ပါက တိုက်ခိုက်ချေမှုန်းရန် အမေရိကန်က ပစ်မှတ်ထားသော အီရန်နိုင်ငံတွင်း ၅၂ နေရာထဲတွင် စစ်ရေး နိုင်ငံရေးအရ အရေးပါသော နေရာများသာမက၊ အီရန် ယဉ်ကျေးမှုအတွက် အရေးပါသော နေရာများပါ ပါဝင်ကြောင်း သမ္မတ ထရမ့်က တွစ်တာတွင် ရေးသားထားသည်။ ၁၉၇၉ ခုနှစ်တွင် အီရန်မြို့တော် တီဟီရန်ရှိ အမေရိကန်သံရုံးကို ဆန္ဒပြသူများ ဝင်စီးကာ အမေရိကန်ဓားစာခံ ၅၂ ဦးကို ၁၅ လနီးပါး ထိန်းသိမ်းထားခဲ့ခြင်းကို ရည်ညွှန်းသောအားဖြင့် ပစ်မှတ် ၅၂ ခု ရွေးချယ်ထားခြင်းဖြစ်ကြောင်းလည်း သမ္မတ ထရမ့်က ဆိုသည်။

ဆိုလာမာနီ အသုဘအခမ်းအနားတွင် ဘဂ္ဂဒက်မြို့၌ အီရန်ကို ထောက်ခံသူ ထောင်ပေါင်းများစွာ ချီတက်လိုက်ပါခဲ့ကြသည်။ မိမိတို့ ဗိုလ်ချုပ် သတ်ဖြတ်ခံရခြင်းအတွက် လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်က ကြေညာထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးကို အီရန် ထောက်ခံသူများ ဝင်စီးခြင်းကိုလည်း ဆိုလာမာနီသည် နောက်ကွယ်က စီစဉ်ခဲ့သလို၊ အခြားသော နေရာများတွင်လည်း အမေရိကန် အကျိုးစီးပွားများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဆိုလာမာနီသည် စီစဉ်နေကြောင်း၊ အီရန်သည် ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေကြောင်း သမ္မတ ထရမ့်က စွပ်စွဲပြောကြားထားသည်။