ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ ကာတာနှင့် အိုမန်နိုင်ငံတို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ဒေသတွင်းအခြေအနေများအား မျက်ခြေမပြတ်စောင့်ကြည့်နေကြရန်နှင့် လုံခြုံရေးသတိရှိကြရန် ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၄ ရက်တွင် သတိပေးချက်ထုတ်ပြန်သည်။
လက်ရှိအရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံတစ်ခုဖြစ်သော အီရတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အခြေအနေများအရ ဒေသတွင်း စိုးရိမ်ဖွယ်ရာနှင့် စိတ်ပူပန်ဖွယ်ရာအခြေအနေများဖြစ်ပေါ်လျက်ရှိရာ အထက်ဖော်ပြပါနိုင်ငံများရှိ မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိဒေသတွင်းအခြေအနေများကို မျက်ခြေမပြတ်စေဘဲ လုံခြုံရေး သတိရှိကြရန်၊ ရောက်ရှိနေကြသည့် နိုင်ငံများ၏ ဥပဒေများကို လိုက်နာပြီး ဥပဒေနှင့် မညီညွတ်သည့် အရာများကို မလုပ်ဆောင်ရန်နှင့် ယာယီတင်းကျပ်လာဖွယ်ရှိသည့် သက်ဆိုင်ရာနိုင်ငံများ၏ လုံခြုံရေးနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျနေထိုင်ကြရန် သံရုံးက တိုက်တွန်းနှိုးဆော်ထားသည်။
အီရန်နှင့် အမေရိကန်တို့ကြား စစ်ရေးတင်းမာမှုများဖြစ်ပေါ်လာပြီးနောက် ယင်းထုတ်ပြန်ချက်ကို မြန်မာသံရုံးက ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံများအနက် မြန်မာနိုင်ငံမှ အလုပ်သမားများကို ကာတာနှင့် ယူအေအီးမှ ဒူဘိုင်းမြို့များသို့ တရားဝင်စေလွှတ်မှုများရှိသော်လည်း အခြားနိုင်ငံများကိုမူ တရားဝင်လုပ်သား စေလွှတ်ခြင်းမရှိဘဲ မြန်မာနိုင်ငံသားများသာရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
မမျှော်လင့်ဘဲ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ ထူးခြားဖြစ်စဉ်များနှင့်ဆက်စပ်အခက်အခဲများရှိပါက ရီယာဒ်မြို့ရှိ မြန်မာသံရုံးသို့ ၂၄ နာရီ အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ဖော်ပြထားသည်။
ဇန်နဝါရီ ၂ ရက်က ဘဂ္ဂဒတ်မြို့၌ အမေရိကန်၏ တိုက်ခိုက်မှုတစ်ခုတွင် အီရန်နိုင်ငံမှ Quds တပ်ဖွဲ့၏ တပ်မှူး ကက်ဆမ် ဆိုလမာနီ Qassem Soleimani ကို သတ်ဖြတ်ခဲ့ပြီးနောက် အမေရိကန်-အီရန် စစ်ရေးတင်းမာမှုမှာ အရှိန်အမြင့်ဆုံးအခြေအနေသို့ရောက်ရှိလာခဲ့သည်။ ဒေါ်နယ်ထရမ့်၏ အမိန့်အရ အမေရိကန်တပ်မတော်က ကက်ဆမ်ဆိုလမာနီကို သုတ်သင်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုပြောဆိုထားသည်။
ကက်ဆမ် ဆိုလမာနီကို ယနေ့ခေတ် အရှေ့အလယ်ပိုင်းတွင် သြဇာအာဏာ အကြီးဆုံး ဗိုလ်ချုပ်ကြီးဟု ခေါ်ဆိုကြသည်။
နျူကလီးယား သဘောတူညီချက်ကို စွန့်ခွာခဲ့ပြီးနောက် ဒေါ်နယ်ထရမ့် အစိုးရက အီရတ်နိုင်ငံအပေါ် ၎င်းတို့၏ ဘဏ္ဍာရေးအရ ဖိအားပေးသည့် လှုပ်ရှားမှုကို အရှိန်မြှင့်လာခဲ့သည့် ၂ဝ၁၉ ခုနှစ် နွေရာသီနှင့် ဆောင်းဦးရာသီ တစ်လျှောက်တွင် ကက်ဆမ် ဆိုလမာနီ၏ တပ်ဖွဲ့များ သို့မဟုတ် ၎င်းတို့၏ တစ်ဆင့်ခံအဖွဲ့များက ပါရှန်းပင်လယ်ကွေ့အနီးတွင် ရေနံတင်သင်္ဘောများအား တိုက်ခိုက်ခြင်း၊ အီရတ်မှ အမေရိကန် အကျိုးစီးပွားများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်း၊ အမေရိကန် ဒရုန်းတစ်စီး ပစ်ချခံရခြင်း၊ ဆော်ဒီအာရေးဗီးယားမှ ရေနံစက်ရုံတစ်ခုကို တိုက်ခိုက်ခြင်းနှင့် ပြီးခဲ့သည့်လပိုင်းက အမေရိကန်သံရုံး အကြမ်းဖက်ခံခဲ့ရမှုအပြီး သမ္မတ ဒေါ်နယ်ထရမ့်က ယခုလေကြောင်း တိုက်ခိုက်မှုကို ခွင့်ပြုချက်ပေးလိုက်ခြင်းဖြစ်သည်။
















