မန်ယူအသင်းသည် ဇန်နဝါရီ ၄ ရက်က အက်ဖ်အေဖလား တတိယ အဆင့်ပွဲအဖြစ် ဝုလ်ဗာဟမ်တန်ကွင်းတွင်သွားရောက်ကစားခဲ့ရာ ဂိုးမရှိ သရေကျခဲ့ပြီး ပြည်တွင်းလိဂ်ပွဲ (သို့ မဟုတ်) ဖလားပွဲတွင် ဂိုးပေါက်တည့် ကန်သွင်းမှု ငါးနှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် တစ်ကြိမ်မှဂိုးမဝင်ခဲ့ကြောင်း သိရသည်။
မန်ယူနည်းပြ ဆိုးလ်ရှားသည်ပွဲထွက်လူစာရင်းတွင် လူငယ် ကစားသမားများကို ဦးစားပေးအသုံး ပြုခဲ့ပြီး ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ ဒန် နီရယ်ဂျိမ်းစ်နှင့် ပါရီယာတို့ ပါဝင်လာ ခဲ့သည်။ မန်ယူကွင်းလယ်ကို မာတာ နှင့် မာတစ်တို့ ဦးဆောင်ခဲ့ကြသည်။
မန်ယူသည် ပထမပိုင်းတွင် ဂိုး ပေါက်ခြိမ်းခြောက်မှု ရခဲ့သော်လည်း ဂိုးပေါက် မတည့်ခဲ့ပေ။ မန်ယူသည် ဒုတိယပိုင်း ရက်ဖို့ဒ်ကို ထည့်သွင်း၍ တိုက်စစ်မြှင့်ခဲ့သော်လည်း ပွဲပြီးဆုံး ချိန်အထိ ဂိုးပေါက်မတည့်ခဲ့ပေ။
မန်ယူသည်၂ဝ၁၅ ခုနှစ် ဇန်နဝါရီက ဆောက်သမ်တန်နှင့်ပွဲတွင် တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့ဘဲ ယခုတစ်ကြိမ် ထပ်မံ၍ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့သည်။ မန်ယူသည် အက်ဖ်အေဖလား တတိယ အဆင့် ပြန်ကန်ပွဲအဖြစ် ဝုလ်ဗာဟမ် တန်နှင့် ထပ်မံကစားရမည်ဖြစ်သည်။
မန်ယူနည်းပြ ဆိုးလ်ရှားက သရေ ရလဒ်မှာ မျှတသည့် ရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်ယူသည် ဇန်န ဝါရီ ၇ ရက်တွင် ကာရာဘောင်းဖလား ဆီမီး ပထမအကျော့အဖြစ် မန်စီးတီး နှင့် ကစားရမည်ဖြစ်သည်။
အက်ဖ်အေဖလား လက်ရှိချန်ပီယံ မန်စီးတီးသည် ယခုနှစ်ပြိုင်ပွဲ တတိယ အဆင့်အဖြစ် အိမ်ကွင်းတွင် ပို့ဘေးနှင့်ကစားခဲ့ရာ လေးဂိုး တစ်ဂိုးဖြင့် အနိုင် ရခဲ့၍ စတုတ္ထအဆင့် တက်လှမ်းခဲ့ သည်။ မန်စီးတီးအတွက် အဖွင့်ဂိုးကို ဇင်ချန်ကိုက မိနစ် ၂ဝ တွင် သွင်းယူ ခဲ့ပြီး ပို့ဘေးအတွက် တွွန်ပုပ်က ၃၅ မိနစ်တွင် ပြန်ချေပခဲ့သည်။
မန်စီးတီး တိုက်စစ်မှူး အဂူရိုမှာ ပွဲချိန် ၄၂ မိနစ်တွင် ဒုတိယဂိုး သွင်း ယူခဲ့ပြီး ကျန်ဂိုးများကို ဟာဝုဒ်ဘီ လစ်နှင့် ဖိုဒန်တို့က ဒုတိယပိုင်းတွင် သွင်းယူခဲ့၍ လေးဂိုး တစ်ဂိုးဖြင့် ဂိုး ပြတ်အနိုင်ရကာ စတုတ္ထအဆင့်သို့ တက်လှမ်းခဲ့သည်။















