သြစတြေးလျမီးသတ်တပ်ဖွဲ့ဝင်များက ဝန်ကြီးချုပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်

သြစတြေးလျမီးသတ်တပ်ဖွဲ့ဝင်များက ဝန်ကြီးချုပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်

ဝန်ကြီးချုပ် စကော့မောရစ်ဆင်၏ တောမီးအရေးကိုင်တွယ်မှုအပေါ် သြစတြေးလျမီးသတ်တပ်ဖွဲ့ရှိ ထိပ်တန်းအရာရှိများမှစ၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအထိ ဝေဖန်လျက်ရှိသည်။

ကင်ဘာရာရှိ အစိုးရ အထူးသဖြင့် စကော့မောရစ်ဆင်၏ လုပ်ရပ်များနှင့်ပတ်သက်၍ အလွန်အမင်းအံ့သြတုန်လှုပ်မိကြောင်း အသက် ၅၇ ခုနှစ်အရွယ် မီးသတ်တပ်ဖွဲ့ဝင် ပေါ ပါကာက ပြောဆိုခဲ့သည်။ အရန်မီးသတ်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာသည် ပျော်ပျော်ကြီး မီးသတ်နေသည်ဟု မောရစ်ဆင်က ပြောဆိုခဲ့မှုကို ပါကာက ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မီးလောင်ပြင်မည်ကဲ့သို့ရှိသည်ကို ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ နားမလည်နိုင်ကြောင်း ၎င်းကပြောဆိုခဲ့သည်။မီးသတ်တပ်ဖွဲ့ဝင်များသည် အသက်စွန့်ပြီး မီးသတ်နေရကြောင်း ပါကာက ဆက်လက်ပြောဆိုခဲ့သည်။စက်တင်ဘာတွင် စတင်ခဲ့သည့် တောမီးကြောင့် မီးသတ်တပ်ဖွဲ့ဝင် သုံးဦးထက်မနည်းသေဆုံးခဲ့ပြီးဖြစ်သည်။

မီးသတ်တပ်ဖွဲ့ဝင်များအား ကူညီရေး စစ်တပ် အရန်တပ်သား ၃၀ဝ၀ ကို ဆင့်ခေါ်ရန် မောရစ်ဆင်က ဆုံးဖြတ်ချက်ချမှုကို မီဒီယာမှတစ်ဆင့် ကြားသိရသည့်အတွက် စိတ်ပျက်မိကြောင်း နယူးဆောက်ဝေးပြည်နယ် ကျေးလက်မီးသတ်ဌာနအကြီးအကဲကလည်း ဇန်နဝါရီ ၅ ရက်တွင် ပြောဆိုခဲ့သည်။ အလွန် အလုပ်များနေသည့် အချိန်တွင် မောရစ်ဆင်သည့် အလုပ်အကိုင်ဆိုင်ရာ ပရော်ဖက်ရှင်နယ်ချင်းလေးစားရမည်ဆိုသည့် သဘောကိုနားမလည်သည့်အတွက် စိတ်ပျက်မိကြောင်း ကော်မရှင်နာ ရှိန်း ဖစ်စ်ဆင်မွန်စ်ကပြောဆိုခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် မီးလောင်ရာနေရာသို့ လာရောက်သည့် မောရစ်ဆင်က လက်ကမ်းပေးခြင်းကို မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက လျစ်လျူရှုခဲ့ပြီးဖြစ်သည်။ သို့သော် မောရစ်ဆင်က ဝေဖန်မှုများစွာရှိနေသည်ကို သိရှိပြီး ဝေဖန်မှုများကို ဂရုထားပြီး အချိန်ကုန်မခံနိုင်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် တုံ့ပြန်ပြောဆိုခဲ့သည်။ယခုအချိန်သည် အပြစ်တင်ရမည့် အချိန်မဟုတ်ဘဲ မီးဘေးကို စုပေါင်းတုံ့ပြန်ရမည့်အချိန်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။