ဟောင်ကောင်၌ အမြတ်ကြီးစားတရုတ်ကုန်သည်များကို ပစ်မှတ်ထားသည့် ဆန္ဒပြမှုဖြစ်ပွား

ဟောင်ကောင်၌ အမြတ်ကြီးစားတရုတ်ကုန်သည်များကို ပစ်မှတ်ထားသည့် ဆန္ဒပြမှုဖြစ်ပွား

ဟောင်ကောင်၌ ပြည်မကြီးမှလာရောက်သည့် ကုန်သည်များကို ပစ်မှတ်ထားသည့် ဆန္ဒပြမှုများ ဇန်နဝါရီ ၅ ရက်တွင် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ထိပ်တိုက်ဆုံမှုရှိခဲ့ကာ လူဒါဇင်ပေါင်းများစွာ အဖမ်းခံခဲ့ရသည်။

ရွှန်းရှီအရပ်ရှိ ဆန္ဒပြသူများသည် ဟောင်ကောင်ရှိ အခွန်ကင်းလွတ်ခွင့်ရထားသော ကုန်ပစ္စည်းများကို ဝယ်ယူပြီး ပြည်မကြီးတွင် အမြတ်တင်ကာ ပြန်လည်ရောင်းချနေသည့် အမြတ်ကြီးစား တရုတ်ကုန်သည်များကို အဓိကပစ်မှတ်ထား ဆန့်ကျင်ဆန္ဒပြခဲ့သည်။ အမြတ်ကြီးစား ကုန်သည်များကြောင့် ကုန်ဈေးနှုန်းများကြီးမြင့်ပြီး နယ်စပ်မြို့နယ်များတွင် လူထူထပ်ကာ ဟောင်ကောင်သားများနှင့် ပြည်မကြီးတို့ကြား တင်းမာမှုပိုမိုကြီးမားစေခဲ့ကြောင်း ဒေသခံများကပြောဆိုခဲ့သည်။

"ပြည်မကြီးသားတွေ အိတ်ကြီးအိတ်ငယ်တွေနဲ့ ဒီကိုလာပြီး လာရှုပ်ကြတယ်၊ သူတို့ကြောင့် အခန်းငှားခတွေ ဈေးတက်လာတယ်၊ ဟောင်ကောင်သားတွေအတွက် အထွေထွေကုန်ကျစရိတ်တွေ ကြီးမြင့်လာတယ်" ဟု အသက် ၁၉ နှစ်အရွယ် ကျောင်းသူ ဂျက်စမင်းက ပြောဆိုခဲ့သည်။

ကလေးငယ်များပင်ပါဝင်သည့် ဆန္ဒပြသူများသည် ဟောင်ကောင်ကို လွတ်မြောက်ခွင့်ပေး၊ တော်လှန်ရေးစစို့ ၊ မျိုးချစ်တွေက တရုတ်လုပ်ကုန်ပစ္စည်းတွေကိုသုံးတယ်၊ ဒီဘက်မှာ ဝယ်ပြီး ဟိုဘက်မှာ အမြတ်ကြီးစားမရောင်းနဲ့ ဟု ကြွေးကြော်ခဲ့ကြသည်။ ချီတက်ပွဲတွင် လူ ၁၀ဝ၀ဝ ခန့်ပါဝင်ကြောင်း စီစဉ်သူများက ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များကမူ လူအများဆုံးအချိန်မှာပင် ၂၅၀ဝ ခန့်သာရှိခဲ့ကြောင်း ခန့်မှန်းခဲ့သည်။
    အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသည့် ဆန္ဒပြသူများသည် လမ်းမများပေါ်တွင် ဆက်လက်နေထိုင်နေခဲ့သည်။

ယင်းနောက် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဆန္ဒပြသူများအား နံပါတ်တုတ်များ၊ မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်။ လူနှစ်ဒါဇင်ခန့် အဖမ်းခံခဲ့ရသည်။ ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများအား နံရံတွင်ကပ်ပြီး ထိုင်စေကာ စစ်ဆေးမေးမြန်းပြီးနောက် အဖြူရောင်ဘတ်စ်ကားနှစ်စီးပေါ်တင်၍ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။