အမေရိကန် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ကဒ်စ်တပ်ဖွဲ့အကြီးအကဲ ကာဆင် ဆိုလာမာနီနေရာတွင် ဗိုလ်ချုပ် အစ္စမေး ဂါအာနီကို အစားထိုးခန့်အပ်ကြောင်း အီရန်မဟာခေါင်းဆောင် အယာတိုလာ အလီ ခါမဲနေက ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ကဒ်စ်တပ်ဖွဲ့သည် အမာခံတပ်သား ၁၂၅၀ဝ၀ ဦးရှိသည့် တော်လှန်ရေးအစောင့်တပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တော်လှန်ရေးအစောင့်တပ်သည် မဟာခေါင်းဆောင် ခါမဲနေ၏ အမိန့်ကို တိုက်ရိုက် နာခံသည့် တပ်ဖွဲ့ဖြစ်သည်။ အစောင့်တပ်သည် အီရန်၏ တိုက်ချင်းပစ်ဒုံးကျည်စီမံကိန်းကို ကြီးကြပ်ပြီး ကိုယ်ပိုင်ရေတပ်ရှိကာ အရန်တပ်သားများသာပါဝင်သည့် ဘာစီဂျ်တပ်ဖွဲ့၏ အုပ်ချုပ်ရေးတာဝန်ကို ယူထားသည်။
ဆိုလာမာနီကဲ့သို့ပင် အစ္စမေးလ် ဂါအာနီသည်လည်း ၁၉၈၀ ပြည့်နှစ်ကျော်ကာလများတွင် အီရန်နှင့် အီရတ် ဖြစ်ပွားခဲ့သည့် ရှစ်နှစ်ကြာစစ်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ကဒ်စ်တပ်ဖွဲ့တွင် အမှုထမ်းခဲ့သည်။
အသက် ၆၂ နှစ်အရွယ် ဂါအာနီနှင့်ပတ်သက်၍ များစွာမသိရှိရသော်လည်း ၎င်းသည် ကဒ်စ်တပ်ဖွဲ့တွင်း သြဇာရှိသည့် ရာထူးရာခံကိုရရှိထားသူဖြစ်ကြောင်း အနောက်နိုင်ငံပိတ်ဆို့မှုများအရ သိရှိရသည်။ ဂါအာနီသည် အမေရိကန်၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ရဲဘော်ရဲဘက် ဆိုလေမာနီအတွက် အီရန်က လက်စားချေမှုကို ကြီးကြပ်ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း တော်လှန်ရေးအစောင့်တပ်သည် စစ်ရေးအရသာမက နိုင်ငံရေးအရပါ အင်အားကြီးသထက် ကြီးမားလာခဲ့သည်။ ကဒ်စ်တပ်ဖွဲ့သည် အမေရိကန်နှင့် မဟာမိတ်များ၏ အဆင့်မြင့်လက်နက်များကို ဆန့်ကျင်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ကဒ်စ်တပ်ဖွဲ့၏မဟာမိတ်များတွင် အီရတ်ရှိ ပြည်သူ့စစ်များ၊ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာနှင့် ယီမင်ရှိ ဟိုသီသူပုန်များပါဝင်သည်။
ကဒ်စ်တပ်ဖွဲ့ခေါင်းဆောင်သစ်သည် အီရန်အမှုတော်ထမ်းခဲ့သည့် နာမည်ကျော်ကြားဆုံး တပ်မှူးများအနက်တစ်ဦးဖြစ်ကြောင်း မဟာခေါင်းဆောင် ခါမဲနေကပြောဆိုခဲ့သည်။ ၁၉၅၇ခုနှစ် သြဂုတ် ၈ ရက်တွင် အီရန်နိုင်ငံအရှေ့မြောက်ပိုင်း မက်ရှ်ဟတ်မြို့၌ မွေးဖွားသည့် ဂါအာနီသည် အီရန်ဘုရင်စနစ်နောက်ဆုံးဆယ်စုနှစ်တွင် အရွယ်ရောက်ခဲ့သည်။ ဂါအာနီသည် ၁၉၇၉ ခုနှစ်တော်လှန်ရေးပြီးနောက် တစ်နှစ်အကြာတွင် တော်လှန်ရေးအစောင့်တပ်တွင် စတင်အမှုထမ်းခဲ့သည်။

















