ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ဖြုတ်ချနိုင်ရေး ရွေးကောက်ပွဲဝင်မှု နိုင်ငံသားအများစုထောက်ခံကြောင်း စစ်တမ်းရလဒ်တစ်ခုဖော်ပြ

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ဖြုတ်ချနိုင်ရေး ရွေးကောက်ပွဲဝင်မှု နိုင်ငံသားအများစုထောက်ခံကြောင်း စစ်တမ်းရလဒ်တစ်ခုဖော်ပြ

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ဖြုတ်ချနိုင်ရေးအတွက် ရွေးကောက်ပွဲဝင်ခြင်းကို ထိုင်းနိုင်ငံသားအများစုက လိုလားနေကြောင်း ထိုင်းရှိ အမျိုးသားဖွံ့ဖြိုးမှု အုပ်ချုပ်ရေးအင်စတီကျုက ကောက်ယူခဲ့သည့် အတွေးအမြင် စစ်တမ်းတစ်ခုအရ သိရသည်။

စစ်တမ်းကို ဒီဇင်ဘာ ၂၃ မှ ၂၄ ရက်အတွင်း အသက် ၁၈ နှစ်နှင့် အထက် ပညာရေးနှင့် အလုပ်အကိုင်မျိုးစုံပါဝင်သည့် လူ ၁၂၅၈ ဦးကို မေးမြန်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ဖြုတ်ချနိုင်ရေး ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းမည့် ဝင်း လိုင်လွန်း အခမ်းအနားနှင့် ဝန်ကြီးချုပ်ဘက်မှ ရပ်တည်ကြောင်း သဘောထားထုတ်ပြမည့် ဒန်း ဝင်း ချီးယား လွန်း အခမ်းအနားတို့အပေါ် အမြင်များကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ ဝင်း လိုင် လွန်းအခမ်းအနားကို စစ်အုပ်ချုပ်ရေးဆန့်ကျင်သည့် ကျောင်းသားများက ကမကထပြုနေခြင်းဖြစ်သည်။ အခမ်းအနားနှစ်ခုလုံးကို ဇန်နဝါရီ ၁၂ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ပထမအခမ်းအနားကို သမ်မားဆတ်တက္ကသိုလ်နှင့် ဒုတိယအခမ်းအနားကို လွမ်ပိနီဥယျာဉ်တို့တွင် အသီးသီးကျင်းပမည်ဖြစ်သည်။ အခမ်းအနားနှစ်ခုကို ကျင်းပနိုင်ရေးအတွက် ရဲတပ်ဖွဲ့၏ခွင့်ပြုချက်ကို ရယူထားပြီးဖြစ်သည်။

စစ်တမ်းကောက်ယူရာတွင် ဖြေဆိုသူများအား အဖြစ်အပျက်နှစ်ခုစလုံးအပေါ် အမြင်များကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ ဝင်း လိုင် လွန်း အခမ်းအနားနှင့်ပတ်သက်၍ စစ်တမ်းဖြေဆိုသူ ၅၃ ဒသမ ၁၀ ရာခိုင်နှုန်းက ထောက်ခံကြောင်းပြောဆိုခဲ့ပြီး ၄၀ ဒသမ ၈၆ ရာခိုင်နှုန်းက ပြင်းပြင်းထန်ထန်ထောက်ခံကြောင်း ပြောဆိုခဲ့ကာ ၁၂ ဒသမ ၂၄ ရာခိုင်နှုန်းက သာမန်ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

သို့သော် စစ်တမ်းဖြေဆိုသူ ၄၃ ဒသမ ၃၂ ရာခိုင်နှုန်းက ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပြီး ၃၁ ဒသမ ၃၂ ရာခိုင်နှုန်းကပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ကာ ၁၂ ဒသမ ဝ၀ ရာခိုင်နှုန်းက သာမန်ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။ စစ်တမ်းဖြေဆိုသူ ၃ ဒသမ ၅၈ ရာခိုင်နှုန်းက စိတ်မဝင်စားကြောင်း ပြောဆိုခဲ့သည်။

ဒန် ဝင်း ချီးယား လွန်း အခမ်းအနားနှင့်ပတ်သက်၍မူ စစ်တမ်းဖြေဆိုသူ ၆၇ ဒသမ ၄၁ ရာခိုင်နှုန်းက ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပြီး ၄၉ ဒသမ ၇၆ ရာခိုင်နှုန်းက ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ကာ ၁၇ ဒသမ ၆၅ ရာခိုင်နှုန်းက သာမန်သာဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။ စစ်တမ်းဖြေဆိုသူ ၁၈ ဒသမ ၈၂ ရာခိုင်နှုန်းက ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး ၉ ဒသမ ၃၀ ရာခိုင်နှုန်းက လုံးဝထောက်ခံကြောင်း ပြောဆိုခဲ့သည်။ ကျန်ရှိသည့် စစ်တမ်းဖြေဆိုသူ ၄ ဒသမ ၃၇ ရာခိုင်နှုန်းက စိတ်မဝင်စားကြောင်း ပြောဆိုခဲ့သည်။