ပြင်သစ်နိုင်ငံ မတ်ဇ်မြို့တွင် လူအများကို ဓားနှင့်လိုက်ခုတ်ရန် ကြိုးပမ်းသူကို ပစ်ခတ်ဖမ်းဆီး

ပြင်သစ်နိုင်ငံ မတ်ဇ်မြို့တွင် လူအများကို ဓားနှင့်လိုက်ခုတ်ရန် ကြိုးပမ်းသူကို ပစ်ခတ်ဖမ်းဆီး

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ မတ်ဇ်မြို့တွင် လူအများကို ဓားနှင့်လိုက်ခုတ်ရန် ကြိုးပမ်းသူတစ်ဦးကို ဇန်နဝါရီ ၅ ရက်တွင် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း သိရသည်။ လွန်ခဲ့သော နှစ်ရက်က ပါရီတွင် လူတစ်ဦးကို ဓားနှင့်ထိုးသတ်ပြီး၊ နှစ်ဦး ဒဏ်ရာရစေခဲ့သော ဓားသမားကို ရဲတပ်ဖွဲ့က အသေပစ်ခတ် သုတ်သင်ခဲ့ရပြီးနောက် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ရက်တွင် လူအများကို ဓားရှည်ဖြင့် လိုက်ခုတ်ရန် ကြိုးပမ်းသူသည် အစွန်းရောက်အမြင်ရှိကာ လူမှုဝန်းကျင်အတွင်း ဘောင်မဝင်သူအဖြစ် ရဲတပ်ဖွဲ့မှတ်တမ်းတွင် စောစီးစွာကတည်းက ထည့်သွင်းခံထားရသူတစ်ဦးဖြစ်ကြောင်းလည်း မက်ဇ်မြို့ အစိုးရစုံစမ်းစစ်ဆေးရေးမှူး ခရစ်ရှန် မာကျူရီက ပြောသည်။

ထိုသူသည် ၁၉၈၉ ခုနှစ်ဖွားဖြစ်ပြီး အခင်းဖြစ်ရာနေရာသို့ ရဲများရောက်ရှိလာကာ လက်နက်ချရန် အမိန့်ပေးသည်ကို မလိုက်နာဘဲ ဓားဖြင့်ခုတ်မည်ဟု ခြိမ်းခြောက်သဖြင့် ရဲများက ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဓားသမားသည် ဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အခင်းဖြစ်စဉ်တွင် ဓားသမားအပြင် အခြားဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။

ပါရီမြို့အနီးရှိ ဗီရှက်ဖ်မြို့တွင် ပြီးခဲ့သော နှစ်ရက်က လူတစ်ဦးသေဆုံးကာ၊ နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဓားထိုးတိုက်ခိုက်မှု ကျူးလွန်သူသည်လည်း စိတ်ပိုင်းဆိုင်ရာ မူမမှန်သည့် မှတ်တမ်းရှိသူဖြစ်သည်။ ထိုသူကို ရဲတပ်ဖွဲ့က အသေပစ်ခတ် သုတ်သင်ခဲ့ရပြီး အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ကာ စစ်ဆေးလျက်ရှိသည်။

ပါရီမြို့တွင် လွန်ခဲ့သော ငါးနှစ်က ရှာလီ ဟဘ်ဒို သရော်စာမဂ္ဂဇင်းတိုက်ကို အယ်လ်ခိုင်ဒါ သစ္စာခံသည့် ညီအစ်ကိုနှစ်ဦး ဝင်ပစ်ခတ်မှုကြောင့် ၁၂ ဦး သေဆုံးခဲ့ရမှု ငါးနှစ်ပြည့် နှစ်ပတ်လည်မတိုင်ခင် ရက်ပိုင်းအလိုတွင် အထက်ပါအတိုင်း ပြင်သစ်တွင် ဓားထိုးတိုက်ခိုက်မှုနှင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုနှစ်မှု ထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။

ရှာလီ ဟဘ်ဒို မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပြင်သစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်ခံရမှု အများအပြား ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဆင့် အမြင့်ဆုံးတပ်လှန့်ထားကာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။