လီဗာပူးသည် ဇန်နဝါရီ ၅ ရက်က အက်ဖ် အေဖလား တတိယအဆင့်ပွဲအဖြစ် အိမ်ကွင်းတွင် အဲဗာတန်နှင့် မာဆေးဆိုက်ဒါဘီကစားခဲ့ရာ ကာတစ်ဂျုံးစ်၏ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ စတုတ္ထဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
လီဗာပူးနည်းပြ ကလော့ပ်သည် အဓိက ကစားသမားအချို့ကို အနားပေးခဲ့ပြီး အိုရီဂီ၊ မီနာမီနို၊ အီလီယော့၊ ကာတစ်ဂျုံးစ်၊ လယ်လာနာနှင့် မီလ်နာအစရှိသော ကစား သမားများကို အသုံးပြုခဲ့သည်။ အဲဗာတန် ပွဲထွက် လူစာရင်းတွင် ရစ်ချာလီဆန်၊ ကယ် ဗတ်လီဝင်၊ ဝဲလ်ကော့နှင့် ဆီဂတ်ဆန်တို့ ပါဝင်ခဲ့သည်။
နှစ်သင်းစလုံးသည် ပထမပိုင်းတွင် ဂိုးများ သွင်းယူနိုင်ရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။ လီဗာပူးသည် ပွဲချိန် ၇၁ မိနစ် တွင် အနိုင်ဂိုးရရှိခဲ့ပြီး ကာတစ်ဂျုံးစ်က ပင် နယ်တီဂိုးဧရိယာ ဘယ်ဘက်ထိပ်မှ ဂိုး၏ ဘယ်ဘက် အပေါ်ထောင့်သို့ လှလှပပ ကန်သွင်း ယူခဲ့သည်။ အနိုင်ထိန်းခဲ့သော လီဗာပူးသည် အိမ်ကွင်း၌ အဲဗာတန်နှင့် ကစားတိုင်း ရလဒ်ကောင်းသည့် အစဉ်အလာကို ထိန်းသိမ်း နိုင်ခဲ့သည်။ ဂိုးသွင်းခဲ့သည့် ကာတစ်ဂျုံးစ်သည် ၁၉၉၄ မတ်လနောက်ပိုင်း ရော်ဘီဖောင်လာ ပြီးနောက် မာဆေးဆိုက်ဒါဘီတွင် အသက် အငယ်ဆုံး ဂိုးသွင်းနိုင်သူဖြစ်ခဲ့ပြီး ၁၈ နှစ် ၃၄၀ ရက်တွင် ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
လီဗာပူးနည်းပြ ကလော့ပ်က အဲဗာတန် ပွဲ၌ ပွဲဦးထွက်ကစားခဲ့သော ဂျပန်တိုက်စစ် အားသန် ကွင်းလယ်လူ မီနာမီနိုကို ချီးကျူးခဲ့သည်။ လီဗာပူးသည် ဆဲလ်ဘတ်မှ မီနာမီနိုကို ပြောင်းရွှေ့ကြေး ပေါင် ၇ ဒသမ ၂၅ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မီနာမီနိုသည် အဲဗာ တန်ပွဲတွင် အသင်းနှင့် ဟန်ချက်ညီစွာ ကစား ခဲ့ပြီး မိနစ် ၇၀ ပါဝင်ကစားခဲ့သည်။ နည်းပြ ကလော့ပ်က "မီနာမီနိုကတော့ စူပါပဲ။ သူဟာ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့တယ်။ ဒီလိုမျိုး ကစားသမားက ကျွန်တော်တို့လိုချင်တဲ့ ကစားသမားဆိုတာ အတိအကျပဲ"ဟု ချီးကျူးခဲ့သည်။ မီနာမီနို အသင်းသို့ရောက်ရှိသည်မှာ ရက်ပိုင်းမျှသာရှိသော်လည်း အသင်းကြီးနှင့် ပွဲဦးထွက် အကောင်းဆုံး ကစားနိုင်သည်ကို ကလော့ပ်က သဘောကျနေသည်။
လီဗာပူး အဓိကကွင်းလယ်လူ မီလ်နာသည် ဒဏ်ရာရခဲ့သောကြောင့် ပွဲချိန် ၉ မိနစ် တွင် လူစားလဲခြင်း ခံခဲ့ရသည်။ မီလ်နာ၏ ခြေထောက် ကြွက်သားဒဏ်ရာမှာ အခြေအနေ မကောင်းကြောင်း အင်္ဂလန်သား ဒဏ်ရာရခဲ့၍ အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်ဟု နည်းပြ ဂျာဂင်ကလော့ပ်က ပွဲအပြီး၌ ဖွင့်ဟ ခဲ့သည်။















