အီတလီနိုင်ငံ တောင်ပေါ်လမ်းတစ်နေရာတွင် အရက်မူးလွန်ပြီး မောင်းလာသော ကားတစ်စီး ဝင်တိုက်မှုကြောင့် ဂျာမနီ ခရီးသွား ခြောက်ဦး သေဆုံးကာ၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
အယ်လ်တို ဒီဂျီဒေသ ဗာလီ အော်ရီနာရွာအနီး လမ်းဆုံတွင် ဇန်နဝါရီ ၅ ရက် နံနက် ၁ နာရီခန့်က ဘတ်စ်ကားအနီး စုဝေးနေသော ဂျာမနီ ခရီးသွားလူအုပ်အတွင်းသို့ ကားနဲ့ဝင်တိုးမိခြင်းဖြစ်သည်။ ဂျာမနီခရီးသွား အများစုသည် အသက် ၂၀ မှ ၂၅ နှစ်ကြားဖြစ်သည်။ အီတလီ မြောက်ပိုင်းဒေသ နှင်းလျှောစီးစခန်းများ ပေါများသည့် ဒိုလိုမိုက်ဒေသသည် ဂျာမနီ စကားပြောသူ အများစုရှိရာဒေသလည်းဖြစ်သောကြောင့် ဂျာမနီ ခရီးသွားများ လာရောက်လည်ပတ်မှု များပြားသည်။
"နှစ်သစ်မှာ စိတ်မကောင်းစရာ ကိစ္စနဲ့ စတင်ခဲ့ရတဲ့အတွက် ဒေသခံတွေအားလုံး ဝမ်းနည်းနေကြရပါတယ်" ဟု အယ်လ်တို ဒီဂျီဒေသ အုပ်ချုပ်ရေးမှူး အာနို ကွန်ပက်ရှာက ပြောသည်။
ယာဉ်မောင်းသည် အရက်မူးလွန်နေပြီး၊ သွေးတွင်း အယ်လ်ကိုဟောဓာတ်သည် ခွင့်ပြုပမာဏထက် လေးဆပိုများလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ အမည်မဖော်သူ အရာရှိတစ်ဦးက ပြောသည်။ သမားရိုးကျ အရက်မူး ကားမောင်းကာ ဝင်တိုက်မှုအဖြစ် သတ်မှတ်ထားပြီး၊ အကြမ်းဖက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် လူအုပ်ကို ကားဖြင့်ဝင်တိုက်သည့် အနေအထားမျိုး မတွေ့ရသေးကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
"မူးပြီးမောင်းသူတစ်ယောက်ရဲ့ မဆင်မခြင် အပြုအမူကြောင့် အသက်တွေ မသေသင့်ဘဲ သေကြရပါတယ်" ဟု သေဆုံးသူ ဂျာမနီ ခရီးသွားအများစု၏ ဇာတိဖြစ်သော ဂျာမနီနိုင်ငံ မြောက်ပိုင်း ရိုင်း-ဝက်စ်ဖလီယာ ဒေသ အုပ်ချုပ်ရေးမှူး အာမင် လက်ရှတ်က ပြောသည်။
မူးပြီး ကားမောင်းလာသူသည် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေရာနှင့် မလှမ်းမကမ်းရှိ ရှီနက်စ်မြို့ခံဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။ သေဆုံး ဒဏ်ရာရသူ အများစုသည် ဂျာမနီအနောက်ပိုင်းဒေသမှဖြစ်ပြီး၊ နှစ်ဦးသည် အီတလီ နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

















