ကင်ညာတွင် အမေရိကန်စစ်အခြေစိုက်စခန်းကို အယ်လ်ရှာဘတ် ဝင်တိုက်ခိုက်၊ အမေရိကန် သုံးဦးသေဆုံး

ကင်ညာတွင် အမေရိကန်စစ်အခြေစိုက်စခန်းကို အယ်လ်ရှာဘတ် ဝင်တိုက်ခိုက်၊ အမေရိကန် သုံးဦးသေဆုံး

ကင်ညာနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များ အသုံးပြုသည့် စစ်အခြေစိုက်စခန်းတစ်ခုကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက အယ်လ်ရှာဘတ် အကြမ်းဖက်သမားများ ဝင်စီးတိုက်ခိုက်မှုကြောင့် အမေရိကန် စစ်သည်တစ်ဦးနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကန်ထရိုက်တာ နှစ်ဦး သေဆုံးကာ စစ်သုံးလေယာဉ်နှင့် မော်တော်ယာဉ် အများအပြားလည်း ဖျက်ဆီးခံခဲ့ရသည်။

မန်ဒါ ပင်လယ်အော် လေတပ်အခြေစိုက်စခန်းကို အယ်လ်ခိုင်ဒါနှင့် ဆက်စပ်နေသော အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုသည် ကင်ညာတွင် အမေရိကန်ကို အယ်လ်ရှာဘတ်က ဦးဆုံးအကြိမ်အဖြစ် တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်မှုလည်း ဖြစ်သည်။ အကြမ်းဖက်သမား ငါးဦးကို သုတ်သင်လိုက်နိုင်ကြောင်း ကင်ညာ စစ်ဘက် သတင်းထုတ်ပြန်ရေးတာဝန်ခံ ပေါလ် ဂျူဂူနာက ပြောသည်။

အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့သည် ကင်ညာ၏ အိမ်နီးချင်း ဆိုမာလီယာနိုင်ငံတွင် အခြေစိုက်ခြင်းဖြစ်ပြီး ကင်ညာတွင် မကြာမကြာ အကြမ်းဖက်တိုက်ခိုက်လေ့ရှိသည်။ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကန်ထရိုက်တာနှစ်ဦး သေဆုံးကြောင်း အမေရိကန်စစ်ဘက် အာဖရိကကွပ်ကဲဌာနကလည်း အတည်ပြုထုတ်ပြန်သည်။

အယ်လ်ရှာဘတ်ကမူ အမေရိကန် ၁၇ ဦး၊ ကင်ညာစစ်သည် ကိုးဦးကို သတ်ဖြတ်ခဲ့ကာ လေယာဉ် ခုနစ်စီးကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အမေရိကန်၏ အာဖရိကကွပ်ကွဲဌာနကမူ အယ်လ်ရှာဘတ် ထုတ်ပြန်ချက်သည် ချဲ့ကားထုတ်ပြန်ခြင်းဖြစ်သည်ဟု ပယ်ချထားပြီး အကြမ်းဖက်သမားများကို အမေရိကန်နှင့် ကင်ညာတပ်ဖွဲ့များက တိုက်ထုတ်လိုက်နိုင်သည်ဟု ချေပထုတ်ပြန်ထားသည်။

ဆိုမာလီအခြေစိုက် အယ်လ်ရှာဘတ်ကို ချေမှုန်းရေးတွင် ကင်ညာသည် အဓိကအခြေစိုက်စခန်း နိုင်ငံဖြစ်သည်။ ကင်ညာရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရလည်း တိုက်လေယာဉ်နှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းနှင့် အမေရိကန် စစ်သုံးမော်တော်ယာဉ် အများအပြား ပျက်စီးကြောင်း သိရသည်။ ဇန်နဝါရီ ၅ ရက် နံနက် ၅ နာရီခွဲက စတင်ကာ တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။

သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် ကင်ညာအခြေစိုက် အမေရိကန်လေတပ်သည် ဆိုမာလီယာနိုင်ငံအတွင်း အယ်လ်ရှာဘတ်များကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လျက်ရှိသည်။