ဗင်နီဇွဲလားနိုင်ငံတွင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးတစ်နေရာတည်းအတွက် အာဏာရနှင့် အတိုက်အခံ လွှတ်တော်အမတ် နှစ်ဦးက တစ်ပြိုင်နက် ကျမ်းသစ္စာကျိန်ဆိုကာ ရာထူးလွန်ဆွဲပွဲ ဖြစ်ပွားလျက်ရှိသည်။
အမေရိကန် ကျောထောက်နောက်ခံပေးထားသော အတိုက်အခံခေါင်းဆောင် ဟွမ် ဂွိုင်ဒိုနှင့် အာဏာရသမ္မတ နီကိုလက်စ် မာဒူရို ကျောထောက်နောက်ခံပေးထားသော လူးဝစ် ပါရာတို့က လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီ ၅ ရက်တွင် အပြိုင်အဆိုင် ကြေညာခဲ့ကြခြင်းဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရရန် ရည်မှန်းထားသော မစ္စတာ ဂွိုင်ဒိုက လွှတ်တော်သို့ မိမိမဝင်ရောက်နိုင်စေရန် ရဲများက တားဆီးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။
သတင်းဓာတ်ပုံများအရလည်း မစ္စတာ ဂွိုင်ဒိုသည် ခြံစည်းရိုးကို ကျော်ခွပြီး လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့ရကြောင်း တွေ့ရသည်။ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲတွင် သမ္မတ မာဒူရို ထပ်မံအနိုင်ရခြင်းသည် တရားမဝင်သဖြင့် မိမိသည် ကြားဖြတ်သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း ဟွမ်ဂွိုင်ဒိုက ၂၀၁၉ ဇန်နဝါရီတွင် ကြေညာခဲ့ရာ အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံ ၆၀ ကျော်က ဂွိုင်ဒိုကို ထောက်ခံခဲ့ကြသည်။
ဇန်နဝါရီ ၅ ရက်တွင် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ကာ မစ္စတာ ပါရာကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ကြောင်း နိုင်ငံပိုင် သတင်းဌာနများကလည်း ထုတ်ပြန်ကြေညာခဲ့သည်။ အတိုက်အခံများ မပါဝင်သော မဲခွဲမှုကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် လက်တင်အမေရိကနိုင်ငံ အများအပြားက ရှုတ်ချလိုက်ကြသည်။ မစ္စတာ ပါရာကမူ မဲခွဲချိန်အထိ မစ္စတာ ဂွိုင်ဒို ရောက်မလာခဲ့ကြောင်း တုံ့ပြန်ထားသည်။ မစ္စတာ ဂွိုင်ဒိုကမူ လွှတ်တော်သို့ မိမိ မရောက်ရှိနိုင်စေရန် လမ်းတစ်လျှောက် ရဲများက တားဆီးခဲ့ကြကြောင်း ပြောကြားသည်။
လွှတ်တော်သို့ ဝင်ရောက်ခွင့် တားမြစ်ခံရသဖြင့် မစ္စတာ ဂွိုင်ဒိုသည် အတိုက်အခံထောက်ခံသည့် အယ်လ် နာစီယိုနယ် သတင်းစာတိုက်တွင် အရေးပေါ် လွှတ်တော်အစည်းအဝေးခေါ်ယူကာ အတိုက်အခံလွှတ်တော်အမတ်များ စုဝေးပြီး လွှတ်တော်ဥက္ကဋ္ဌသစ် မဲခွဲအတည်ပြုရာ တက်ရောက်သူ လွှတ်တော်အမတ် ၁၆၇ ဦးအနက် ၁၀ဝ က မစ္စတာ ဂွိုင်ဒိုကို ဥက္ကဋ္ဌအဖြစ် ထောက်ခံအတည်ပြုခဲ့ကြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ဂွိုင်ဒိုကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် အသိအမှတ်ပြုကြောင်း ဂုဏ်ပြုလွှာပေးပို့ခဲ့သည်။

















