ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒို ပထမဆုံးစီးရီးအေဟက်ထရစ်ရ အင်တာမီလန်ကို ဖိအားပေးနိုင်၍ ကျေနပ်ဟုပြောကြား

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒို ပထမဆုံးစီးရီးအေဟက်ထရစ်ရ အင်တာမီလန်ကို ဖိအားပေးနိုင်၍ ကျေနပ်ဟုပြောကြား

ဂျူဗင်တပ်စ် အဓိကတိုက်စစ်မှူး စီရိုနယ်ဒို သည် ဇန်နဝါရီ ၆ ရက်က ကက်ဂလီယာရီနှင့် ပွဲတွင် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ¤င်းအတွက် ပထမဆုံး စီးရီးအေဟက်ထရစ် ရယူနိုင်ခဲ့ကြောင်း သိရသည်။

နှစ်သင်းစလုံး တွင် အဓိကကစားသမားများ အစုံအလင် ပါဝင်ခဲ့ပြီး ပထမပိုင်း၌ ဂိုးမရှိ သရေကျခဲ့သည်။ ၃၄ နှစ်အရွယ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် ပွဲချိန် ၄၉ မိနစ်တွင် အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူခဲ့သည်။ စီရိုနယ်ဒိုသည် ၆၇ မိနစ်၌ ပင်နယ်တီမှတစ်ဆင့် ဒုတိယဂိုးသွင်းယူခဲ့ပြီး ၈၁ မိနစ်တွင် ဟီဂူအင် ဂိုးသွင်းနိုင်ရန် ဖန်တီး ပေးခဲ့သည်။ စီရိုနယ်ဒိုသည် ပွဲချိန် ၈၂ မိနစ်၌ ကော်စတာ၏ ဖန်တီးမှုမှတစ်ဆင့် စတုတ္ထဂိုး သွင်းယူနိုင်ခဲ့သည်။

ဟက်ထရစ်ရရှိခဲ့သော စီရိုနယ်ဒိုသည် ချီလီတောင်ပံတိုက်စစ်မှူး ဆန်းချက်ဇ်ပြီး နောက် ပရီးမီးယားလိဂ်၊ လာလီဂါနှင့် စီးရီး အေပြိုင်ပွဲတွင် ဟက်ထရစ်ရရှိခဲ့သော ဒုတိယ မြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အင်တာမီလန်ရောက် ဆန်းချက်ဇ်သည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာက လက်စတာပွဲတွင် ဟက်ထရစ် ရယူနိုင်ခြင်းအားဖြင့် ဥရောပ ထိပ်တန်းလိဂ်သုံးခုတွင် ဟက်ထရစ်ရယူနိုင်ခဲ့ သည်။ စီရိုနယ်ဒိုသည် မန်ယူ၊ ရီးရဲလ်မက် ဒရစ်တို့၌ ဟက်ထရစ်ရရှိခဲ့ပြီးနောက် ယခု အခါ ၂ဝ၂ဝ ပြည့် နှစ်သစ်အစတွင် ခြေစွမ်း ပြကာ စီးရီးအေဟက်ထရစ် ရယူခဲ့ခြင်းဖြစ် သည်။

စီရိုနယ်ဒိုသည် နိုင်ငံနှင့် ကလပ်အသင်း ကိုယ်စားပြုကာ စုစုပေါင်း ဟက်ထရစ် ၅၆ ကြိမ်အထိ ရရှိလာခဲ့သည်။ စီရိုနယ်ဒိုသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း ဥရောပထိပ်တန်း လိဂ်ငါးခု၌ ဟက်ထရစ် ၃၆ ကြိမ်ဖြင့် မက်ဆီထက် နှစ်ကြိမ်သာက အများဆုံးဖြစ်နေသည်။ ဂျူဗင်တပ်စ်သည် အိမ်ကွင်း ဂိုးပြတ်အနိုင်ရခဲ့သလို အင်တာမီလန်မှာ ၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နာပိုလီကွင်းတွင် အနိုင်ရခဲ့သည်။ အင်တာမီလန်သည် နာပိုလီ ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူကာ လူကာကူက နှစ်ဂိုးသွင်း၍ မာတီနက်ဇ်က တစ်ဂိုးသွင်းခဲ့သည်။

ဦးဆောင်သူ အင်တာမီလန်ကို ဖိအားပေး နိုင်မှုအပေါ် တိုက်စစ်မှူး စီရိုနယ်ဒိုက ကျေနပ် နေသည်။ ၎င်းက ''နှစ်သစ်အစကတော့ အဖွင့်လှခဲ့တယ်။ ဟက်ထရစ်ရခဲ့တယ်ဆိုပေမယ့် အသင်းအနိုင်ရဖို့က အရေးအကြီးဆုံးပါ။ ကစားပုံကောင်းခဲ့ပါတယ်။ ဂိုးအခွင့်အရေးတွေ လည်း အများကြီးပြုလုပ်နိုင်ခဲ့တယ်။ ဟက်ထရစ်ရခဲ့လို့ ကျေနပ်ပါတယ်။ ပိုအရေးကြီးတာက နိုင်ပွဲကြောင့် အင်တာမီလန်ကို ဖိအား ပေးနိုင်တာပါ''ဟု ပြောကြားခဲ့သည်။

စီးရီးအေ ပွဲစဉ် ၁၈ အပြီး ဂျူဗင်တပ်စ်သည် အမှတ်ပေး ဇယားကို ဦးဆောင်နေသော အင်တာမီလန် နှင့် ၄၅ မှတ်ချင်း တူနေသော်လည်း ဂိုးကွာ ခြားမှုကြောင့် အဆင့်(၂)နေရာ၌ ရပ်တည် နေသည်။



ဖတ်ရှုမှုအများဆုံး