မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး)တွင် တုပ်ကွေး ဆန်သော လက္ခဏာများနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ တစ်ဦးချင်းအလိုက် Fever Screening စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာသန်းသန်းမြင့် ပြောသည်။
ထိုသို့ဆောင်ရွက်နေခြင်းမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်တွင် အဆိုပါရောဂါဖြစ်ပွားမှုကြောင့် ယင်း ဒေသမှ လာရောက်သည့် ခရီးသွားများကို အဓိကစောင့်ကြည့်မည်ဖြစ်ပြီး ပညာပေးခြင်းနှင်အတူ လိုအပ်သော ဆေးပစ္စည်းများကြိုတင်ပြင်ဆင်ထားသည်ဟု ပြောသည်။
"ဝူဟန်လေကြောင်းလိုင်းက ခရီးသည်တွေကို ပိုပြီးအလေးထား စစ်ဆေးပါမယ်။ တခြားဒေသက လာတဲ့ ခရီးသည်တွေကို တစ်ဦးချင်းစိစစ်ဖို့က အခက်အခဲရှိနိုင်ပါတယ်။ သံသယ ရှိလူနာတွေ့ရင် ချက်ချင်းသတင်းပို့ပြီး အချိန်နဲ့တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ရေး၊ ရောဂါကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးကို ကြိုတင်ပြင်ဆင်ထားပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါလုပ်ငန်းစဉ်များနှင့် ပတ် သက်၍ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)မှ ဒေါက်တာ သန္တာလွင်နှင့်အတူ တိုင်းဒေသကြီးမှ တာဝန်ရှိသူများသည် ဇန်နဝါရီ ၅ ရက်က လေဆိပ်၌ ကျန်းမာရေး အသိပညာပေးခြင်း၊ Fever Screening စောင့်ကြပ်ကြည့်ရှုခြင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများကြိုတင် ပြင်ဆင်ထားရှိခြင်းတို့ကို ကွင်းဆင်း ကြည့်ရှုလမ်းညွှန်ခဲ့ကြောင်း သိရသည်။
"ကိုယ်အပူချိန်တိုင်းတာစက်နဲ့ တိုင်းတဲ့အခါမှာ ၁၀၁ ဒီဂရီဖာရင်ဟိုက် ကျော်တဲ့ခရီးသည်ဆိုရင် လေဆိပ်က နားနေခန်းမှာ သီးသန့်ခွဲထုတ်ပြီး အရင် စစ်ဆေးပါမယ်။ လိုအပ်တာ လုပ်ပေးပါမယ်။ ပြီးရင် လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်မှာပါ"ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကိုယ်အပူချိန်တိုင်းတာ စက်တစ်လုံးတည်းဖြင့် စစ်ဆေးနေရပြီး လက်ရှိတွင် ပိုမိုတပ်ဆင်၍စောင့်ကြည့် မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း၊လိုအပ်သည့် ပြင်ဆင်မှုများထားပြီးဖြစ် ၍ သံသယလူနာတွေ့ရှိပါက အချိန်မီလွှဲ ပြောင်းကုသရေးနှင့် ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။
မန္တလေးမြို့နှင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ပြည်ပခရီးသွားများအနက် တရုတ်ခရီးသွားလာရောက်မှုမှာ နှစ်စဉ်တိုးတက်လာခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ယခင်နှစ်ကာလ တူစာရင်းများအရ သုံးသိန်းကျော် တိုးလာကြောင်း သိရသည်။
















