ယခုနှစ်ရာသီ စပိန်စူပါဖလားပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံ၌ကျင်းပနေရာ ဇန်နဝါရီ ၉ ရက်က ဆီမီးဖိုင်နယ်ပွဲ အဖြစ် လက်ရှိချန်ပီယံဘာစီလိုနာနှင့် ပြိုင်ဘက်ကောင်း အက်သလက်တီကိုတို့ယှဉ်ပြိုင်ခဲ့ရာ အက်သလက်တီကိုက သုံးဂိုး နှစ်ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘာစီလိုနာပွဲထွက်လူစာရင်းတွင် မက်ဆီ၊ ဆွာရက်ဇ်နှင့် ဂရစ်ဇ်မန်းတို့ ဦးဆောင်လာခဲ့ပြီး အက်သလက်တီကို၌လည်း မိုရာတာ၊ ဂျာအိုဖိလစ်နှင့် ကော်ရီရာ အစရှိသော ကစားသမားများပါဝင်ခဲ့သည်။ အက်သလက်တီကိုသည် ဒုတိယပိုင်းပြန်အစတွင် ဦးဆောင် ဂိုးရခဲ့ပြီး ကိုကီက သွင်းယူခဲ့သည်။ ဘာစီလိုနာအတွက် ချေပဂိုးကို မက်ဆီက ပွဲချိန် ၅၁ မိနစ်တွင် ပင်နယ်တီ ဧရိယာအတွင်းမှ သွင်းယူပေးခဲ့သည်။
ဂရစ်ဇ်မန်းသည် ပွဲချိန် ၆၂ မိနစ်တွင် ဒုတိယဂိုးသွင်း ယူနိုင်ခဲ့၍ ဘာစီလိုနာကဦးဆောင်ခဲ့သည်။ ဘာစီလိုနာ သည် ပွဲပြီးဆုံးရန် ၁၀ မိနစ်အတွင်း ပေါ့ဆမှုမှတစ်ဆင့် ဂိုးများထပ်ပေးခဲ့၍ ရှုံးနိမ့်ခဲ့သည်။ အက်သလက်တီကို အတွက် ဒုတိယချေပဂိုးကို မိုရာတာက ပွဲချိန် ၈၁ မိနစ်တွင် ပင်နယ်တီမှသွင်းယူခဲ့ပြီး အနိုင်ဂိုးကို ကော်ရီရာက ပွဲချိန် ၈၆ မိနစ်၌ သွင်းယူခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအတွက် ဒုတိယပိုင်း၌ မက်ဆီနှင့်ပီကေးတို့က ဂိုးသွင်းပေးခဲ့သော် လည်း ဗီဒီယိုအကူဒိုင်လူကြီးစနစ်အရ ဆုံးဖြတ်ခဲ့ရာ ဂိုးမရခဲ့ပေ။
ဘာစီလိုနာအဓိကတိုက်စစ်မှူး မက်ဆီမှာ စပိန်စူပါ ဖလားကိုင်မြှောက်ရန် အားခဲထား၍ ရှုံးပွဲကနာကျင်စရာ ဖြစ်ခဲ့ရသည်။ ရှုံးပွဲနှင့်ထိုက်တန်ခြင်းမရှိဟုလည်း မက်ဆီက ယုံကြည်နေသည်။ မက်ဆီက "ကျွန်တော်တို့ ရှုံးပွဲနဲ့မထိုက် တန်ဘူး။ ပွဲကောင်းတစ်ပွဲဖန်တီးနိုင်ခဲ့ပြီးမှ ရှုံးခဲ့ရတာဟာ ရှက်စရာကောင်းပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ကလေးဆန်တဲ့အမှားတွေ ပြုလုပ်ခဲ့တယ်။ အဓိပ္ပာယ် မရှိတဲ့ဂိုးတွေပေးခဲ့ရတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်း တိုးတက်ဖို့ကြိုးစားရမယ်။ အခုဆိုရင် ခက်ခဲတဲ့အခြေအနေ ကြုံခဲ့ရတယ်။ အကြောင်းကတော့ ကျွန်တော်တို့ ဖလား တစ်လုံးနဲ့လွဲခဲ့လို့ပါ။ ဒီဖလားကလည်း လိုချင်တဲ့ဖလားပါ။ လာမယ့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ရတော့မယ်"ဟု အက်သလက်တီကိုနှင့်ပွဲအပြီး ခံစားချက်အတိုင်း ပြောကြားခဲ့သည်။















