တရုတ်သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိလာရောက်မည်ဖြစ်ပြီး ထိုခရီးစဉ် အတွင်း မြန်မာ့ငြိမ်းချမ်းရေးကို ရှေ့သို့တွန်းတင်ပေးနိုင်လိမ့် မည်ဟု ယုံကြည်ကြောင်း အထူးဒေသ(၄) မိုင်းလားအဖွဲ့(NDAA) က ဇန်နဝါရီ ၁ဝ ရက်တွင်ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ မြန်မာ – တရုတ်ချစ်ကြည်ရေး နှစ်(၇ဝ)ပြည့်အခမ်းအနား တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စဟွာချွန်းယဉ်က ဇန်နဝါရီ ၁ဝ ရက်တွင် ကြေညာခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့သြဇာကြီးနိုင်ငံတစ်ခုဖြစ်၍ ယခုတစ်ကြိမ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းသည် မြန်မာ–တရုတ်ချစ်ကြည်ရေးသမိုင်းတွင် အလွန်အရေးပါပြီး မြန်မာ – တရုတ် ပိုးလမ်းမရပ်ဝန်းတစ်ခု၊ လမ်းကြောင်း တစ်ခု၊ မဟာဗျူဟာပူးပေါင်းဆောင်ရွက်ရေးတွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို တွန်းတင်ပေးနိုင်လိမ့်မည်ဟု မိုင်းလား အဖွဲ့၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တရုတ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄) မိုင်းလားအနေဖြင့် မြန်မာ-– တရုတ်ချစ်ကြည်ရေး ပိုမိုတိုးတက်စေရေးနှင့် ထာဝရငြိမ်း ချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင် မည်ဟု မိုင်းလားအဖွဲ့က ဆိုသည်။
တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မြန်မာအစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ရပ်တည်လျက်ရှိပြီး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ကြားဝင်စေ့စပ်လျက်ရှိသည်။















