မန်ယူနည်းပြ ဆိုးလ်ရှားက နော ဝှစ်ချ်အား လေးဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲတွင် နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သော အသက်(၂၂)နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ရက်ဖို့ဒ်အား ချီးကျူးခဲ့ ကြောင်း သိရသည်။
မန်ယူသည် အိမ်ကွင်းတွင် နော ဝှစ်ချ်အား ဖိအားပေးကစားခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုးကို ရက် ဖို့ဒ်က ၂ရမိနစ်တွင် မာတာ၏ ဖန်တီး မှုမှတစ်ဆင့် သွင်းယူခဲ့သည်။
ရက်ဖို့ဒ် သည် ၅၂ မိနစ်တွင်ဝီလီယံ ကြောင့်ရခဲ့သည့် ပင်နယ်တီကို ဂိုးဘယ် ဘက်ထောင့်သို့ အမှားအယွင်းမရှိ ကန်သွင်းပေးခဲ့သည်။ မန်ယူအတွက် တတိယဂိုးကို မာရှယ်က ၅၄ မိနစ်တွင် မာတာ၏ ဖြတ်တင်မှုကို ခေါင်းတိုက် သွင်းယူခဲ့ပြီး အပိတ်ဂိုးကို ဂရင်းဝုဒ်က ၇၆ မိနစ်၌ သွင်းယူခဲ့သည်။
ရက်ဖို့ဒ်သည် နောဝှစ်ချ်ပွဲတွင် မန်ယူ ကစားသမားဘဝ ပွဲ ၂ဝဝ မြောက်အဖြစ် ကစားခဲ့ခြင်းဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ် ၁၄ ဂိုး မြောက် သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရက်ဖို့ဒ်သည် ယခုရာသီတွင် ပြိုင်ပွဲစုံ ပွဲ ၃ဝ ကစားထားရာ၁၉ ဂိုးအထိ သွင်းထား၍ မန်ယူကစားသမားဘဝ ခြေစွမ်းအပြနိုင်ဆုံး ဘောလုံးရာသီ ပိုင်ဆိုင်ထားသည်။
နည်းပြ ဆိုးလ်ရှားက ''ရက်ဖို့ဒ် ဟာ ဘောလုံးရာသီတိုင်း အံ့အားသင့် ဖွယ်လုပ်ပြနေသူပါ။ လုပ်အားနှုန်း ရပ်တည်မှုပြီးတော့ သွင်းဂိုးတွေပေါ့။ ဒီနေ့လည်း သူဂိုးသွင်းနိုင်ခဲ့တယ်။ ပထမဂိုးဆိုရင် အဆုံးသတ် တော် တော်ကောင်းတယ်။ ဒုတိယဂိုးကိုလည်း တည်တည်ငြိမ်ငြိမ် ကန်နိုင်တယ်။ သူ့ အရွယ်နဲ့ ပွဲ ၂ဝဝ တောင် ကစားနိုင် ခဲ့ပြီ။ သူဟာ ထိပ်တန်းခြေစွမ်းရှိတယ် ဆိုတာကိုလည်း ပြသနေပါတယ်''ဟု ချီးကျူးခဲ့သည်။
မန်ယူသည် ပွဲစဉ် ၂၂ အပြီး အဆင့်(၅)နေရာတွင် ရပ်တည်နေကာ လာမည့် ဇန်နဝါရီ ၁၉ ရက်၌ လီဗာ ပူးနှင့် အဝေးကွင်း ကစားရမည်ဖြစ် သည်။















