ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ချောင်းချောက် ကျေးရွာအထွက် ပြည်ထောင်စုလမ်းမ ကြီးမိုင်တိုင် ၁၁၇-၃နှင့် ၄အကြားတွင် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ ကျော်က နွားများတင်ဆောင်လာ သည့် ၁၂ဘီးယာဉ်ကို လူလေးဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ယာဉ်အကူတစ်ဦး သေနတ်ဒဏ်ရာ လေးချက်ဖြင့် နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။
"ဖူးထက်ကုမ္ပဏီ (လယ်ဝေး)က တရားဝင်စာရွက်စာတမ်းနဲ့ နွားတင်ဆောင်လာတယ်။ နောင်ချိုကနေသီပေါ ဘက်ကို မောင်းလာတုန်းမှာ အပစ်ခံ ရတယ်။ နွားကားငါးစီးထဲမှာ စတုတ္ထ မြောက်ကားပါ။ ကားပေါ်မှာက ယာဉ်မောင်းနဲ့ နွားထိန်းအပါအဝင် လူလေးဦး လိုက်ပါတယ်။ ကားကလည်း လမ်း ဘေးဝဲဘက်က ကျွန်းပင်ကို ဝင်တိုက်မိ တယ်"ဟု ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အခင်းဖြစ်နေ့က မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမှ နွားကားငါးစီးမောင်းနှင်လာစဉ် အကောင် ၂၀ တင်ဆောင်လာသည့် စတုတ္ထမြောက် ၁၂ ဘီးယာဉ်ကို ဆိုင်ကယ်နှစ်စီးနှင့် လူ လေးဦးက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ ယာဉ်မောင်းအကူမှာ လည်ပင်းယာဘက်တစ်ချက်၊ ယာ-နား အောက် နှစ်ချက်၊ ဦးခေါင်း-ယာဘက် တစ်ချက် စုစုပေါင်းလေးချက်ဖြင့် နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ယာဉ်မောင်းအကူမှာ နွားထိုးကြီးမြို့နယ် ခက်လန်းကျေးရွာမှ သိန်းလင်းထွန်း (ခ) မောင်ဝိုင်းဖြစ်ပြီး ကားပေါ်ပါလာသူ ကျန်သုံးဦးနှင့် နွားများမှာ ထိခိုက်မှုမရှိကြောင်း၊ အခင်း ဖြစ်နေရာမှ WINCHESTER 12 GA စာတန်းပါ ကျည်ခွံလေးခု သိမ်းဆည်းခဲ့၍ ပစ်ခတ်ခဲ့သူများကို စုံစမ်း ဆဲဖြစ်ပြီး ကျောက်မဲမြို့မရဲစခန်းက (ပ)၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ဆောင်ရွက် ထားကြောင်း ရဲစခန်းထုတ်ပြန်ချက် အရ သိရသည်
















