မန်စီးတီး အဓိကတိုက်စစ်မှူး အဂူရိုက ၎င်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဂိုးသွင်း အများဆုံး ကစားသမား အလန်ရှီးယား၏စံချိန်ကို ကျော်ဖြတ်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးသည် ဇန်န-ဝါရီ ၁၂ ရက်က ဗီလာကွင်းသို့ သွား ရောက်ကစားခဲ့ရာ တိုက်စစ်အစွမ်းပြခဲ့ပြီး ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာ ဂျင်တီးနား တိုက်စစ်မှူး အဂူရိုသည် ဟက် ထရစ်ရရှိခဲ့ပြီး မာရက်ဇ်က နှစ်ဂိုးသွင်းယူကာ ဂျီးဆပ်က တစ်ဂိုးသွင်းယူပေးခဲ့သည်။ ဗီလာ သည် ပွဲပြီးလုချိန်တွင် ချေပဂိုးတစ်ဂိုးသာ ပြန် ရခဲ့သည်။
တိုက်စစ်မှူး အဂူရိုသည် ဟက်ထရစ်ရရှိ ခဲ့သောကြောင့် ထူးခြားစံချိန်တစ်ခုပိုင်ဆိုင်ခဲ့ပြီး (၁၂)ကြိမ်ဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဟက် ထရစ် အများဆုံးဖြစ်လာခဲ့သည်။ အလန်ရှီး ယားမှာ ပရီးမီးယားလိဂ်ဟက်ထရစ် ၁၁ ကြိမ်၊ ရော်ဘီဖောင်လာမှာ ကိုးကြိမ်နှင့် အွန်နရီမှာ ရှစ်ကြိမ်အသီးသီးရရှိထားကြသည်။ အဂူရိုသည် အာဂျင်တီးနားမှ အင်္ဂလန် ပရီးမီးယားလိဂ်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း စံချိန်များစွာ ပိုင်ဆိုင် ထားပြီး မန်စီးတီးအသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်သည်။
အဂူရိုသည် မန်စီးတီး၌ ပါဝင်ကစားနေ သည်မှာ ကိုးနှစ်ကြာမြင့်နေပြီး ပြိုင်ပွဲစုံ ၃၅၉ ပွဲကစားခဲ့ရာ ၂၄၉ ဂိုး သွင်းယူထားသည်။ အဂူရိုသည် ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ၁၀ ဦးစာရင်းတွင် ပါဝင်လာခဲ့ပြီး ဖရန့်လမ်း ပတ်နှင့် သွင်းဂိုးအရေအတွက် တူညီကာ၁၇၇ ဂိုး သွင်းယူထားသည်။ အဂူရိုသည် သွင်းဂိုး ၁၇၇ ဂိုးဖြင့် အာဆင်နယ် တိုက်စစ်မှူးဟောင်း အွန်နရီ၏ဂိုးစံချိန်ကို နှစ်ဂိုးအသာဖြင့် ကျော် ဖြတ်ကာ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး နိုင်ငံခြားသား ကစားသမားဖြစ်လာသည်။ လိဂ်ဂိုးသွင်းအများဆုံး အလန်ရှီးယားမှာ ဂိုး ၂၆၀ အထိ သွင်းယူထားသည်။
အဂူရိုက "ကျွန်တော့်အနေနဲ့ ဂိုးတွေထပ် သွင်းဦးမှာပါ။ ပွဲတိုင်းကို အာရုံစိုက် ကစားမှာ ပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်ရင် ပို ပျော်မှာပါ။ အလန်ရှီးယားရဲ့ စံချိန်ကိုကျော် ဖြတ်ဖို့ ကျွန်တော်ကြိုးစားသွားမှာပါ။ ရှီးယား ကတော့ ဂိုးအများကြီး သွင်းထားသူပါ"ဟု ပြောကြားခဲ့သည်။ အဂူရို၏ စာချုပ်မှာ လာ မည့်နှစ်ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရှီးယားစံချိန်ကိုကျော်ဖြတ်ရန် ပရီးမီးယားလိဂ် ၈၄ ဂိုးသွင်းယူရမည်ဖြစ်သည်။















