ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် နည်းပြ ဗယ်ဘာဒီကို ရာထူးမှထုတ်ပယ်၍ နည်းပြသစ်အဖြစ် ဆီတီယန်ကို ၂၀၂၂ ခုနှစ် အထိ တာဝန်ပေးခန့်အပ်လိုက်သည်။
အသက် ၅၅ နှစ်အရွယ် နည်းပြ ဗယ်ဘာဒီ သည် ၂၀၁၇ ခုနှစ်က ဘီလ်ဘာအိုမှ ဘာစီ လိုနာသို့ရောက်ရှိခဲ့သူဖြစ်ပြီး လာလီဂါ နှစ်နှစ် ဆက် ချန်ပီယံဖြစ်ရန် စွမ်းဆောင်ပေးခဲ့သည်။ ဘာစီလိုနာသည် ယမန်နှစ် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပထမအကျော့၌ လီဗာပူးကို သုံးဂိုး ပြတ်အနိုင်ရခဲ့သော်လည်း ဒုတိယအကျော့ အရှုံးပေးခဲ့ရသည်။ ထို့ပြင် ဘာစီလိုနာသည် ယမန်နှစ် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွင် ဗလင်စီယာကို ရှုံးနိမ့်ခဲ့သည်။ ယင်းအခြေအနေ များကြောင့် နည်းပြဗယ်ဘာဒီမှာ ဖိအားများနှင့် ရင်ဆိုင်လာရပြီး ယခုနှစ်ရာသီ၌လည်း ဖိအား ပိုများခဲ့သည်။
ဘာစီလိုနာသည် ယခုနှစ်တွင် လာလီဂါ အဝေးကွင်းရလဒ်များ ယိမ်းယိုင်နေပြီး စပိန် စူပါဖလား ဆီမီးဖိုင်နယ်၌လည်း အက်သလက် တီကိုအား ရှုံးနိမ့်ခဲ့သည်။ နည်းပြဗယ်ဘာဒီ၏ စွမ်းဆောင်မှုများကို ကျေးဇူးတင်ကြောင်းနှင့် အနာဂတ်လှပရန် ဘာစီလိုနာအသင်းက ဆု တောင်းပေးခဲ့သည်။ ဘာစီလိုနာ နည်းပြသစ် ဖြစ်လာသူ အသက် ၆၁ နှစ် အရွယ် ကွီကျူဆီ တီယန်သည် ဘာစီလိုနာသို့ မရောက်မီ ရေး ဆင်း၊ ပိုလီအီဂျီဒို၊ အီကွေတိုရီရယ်ဂူနီယာ၊ လိုဂလိုနက်စ်၊ လူဂို၊ လက်စ်ပါးမက်စ်နှင့် ဘက်တစ်တို့ကို နည်းပြခဲ့ဖူးသူဖြစ်သည်။
ဆီတီယန်သည် လက်စ်ပါးမက်စ်အသင်းကို နှစ်ပေါင်း ၄၀ အတွင်း အကောင်းဆုံး ရပ်တည် မှုဖြစ်သည့် အဆင့် ၁၁ ဖြင့်ပန်းဝင်ရန် စွမ်း ဆောင်ပေးခဲ့သည်။ ထို့ပြင် ဆီတီယန်သည် ဘက်တစ်နည်းပြဘဝ ပထမရာသီ၌ အဆင့် ၆ ရရှိအောင် နည်းပြပေးခဲ့ပြီး ယူရိုပါလိဂ် ခြေစစ်ပွဲ ကစားခွင့်ရစေခဲ့သည်။ ဆီတီယန် သည် ဘက်တစ်ကို နည်းပြစဉ် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ကိုအနိုင် ရအောင် စွမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
ဆီတီယန်သည် ဘောလုံးပိုင်ဆိုင်မှုအသားပေးပြီး တိုက်စစ်အားသန်နည်းပြဖြစ်ကာ ကစားကွက်အရ ပရိသတ်များအတွက် စိတ်ဝင်စားစရာဖြစ်သည်။ ဘာစီလိုနာသည် ဆီတီ ယန်ကို ခန့်အပ်ခဲ့ရာ ပရိသတ်များ အံ့အားသင့်ခဲ့ရကြောင်းလည်း သိရသည်။ ဘာစီလိုနာသည် အသင်း ဂန္ထဝင်ကစားသမားဟောင်း ဇာဗီးကို နည်းပြသစ်ခန့်ရန် စကားပြောဆွေးနွေးမှုရှိ နေသည့်အချိန် ဆီတီယန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပိုချက်တီနိုမှာလည်း ဘာစီလိုနာ နည်းပြသစ်ဖြစ်ရန် ရေပန်းစားခဲ့သည်။
ဘာစီလိုနာသည် လာလီဂါပွဲစဉ် ၁၉ အပြီး ရမှတ် ၄၀ ဖြင့် ရီးရဲလ်မက်ဒရစ်နှင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက်ကြောင့် ထိပ်ဆုံးမှဦးဆောင်နေသည်။ ဘာစီလိုနာသည် ဇန်နဝါရီ ၂၀ ရက်တွင် အိမ်ကွင်း၌ ဂရန်နာဒါ နှင့် ကစားရမည်ဖြစ်သည်။















