အိုင်စီစီအကြောင်း မှတ်စု

အိုင်စီစီအကြောင်း မှတ်စု

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကိုICJမှာ တရားစွဲဆိုသောကိစ္စ ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ)အကြောင်းကို သိရှိသူများလာခဲ့သော်လည်း အချို့မှာမူ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(InternationalCriminal Court) နှင့် ရောထွေးပြီး လွဲမှားစွာ သိရှိသုံးစွဲနေကြသည်ကိုလည်းတွေ့ရှိရပါသည်။

ICJ သည် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံးဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို အဆုံးအဖြတ်ပေးသော တရားရုံးဖြစ်၍ အမှုသည်များမှာလည်း နိုင်ငံများသာဖြစ်ကြပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် သက်ဆိုင်ခြင်းမရှိပါ။ ICC  နှင့်ပတ်သက်၍ အဓိကအချက်များကို အောက်တွင်ဆက်လက်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။

၂၀၁၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးအခင်းနောက်ပိုင်းမှစ၍ "အိုင်စီစီ" ဆိုသောဝေါဟာရမှာ သတင်းမီဒီယာများမှတစ်ဆင့် မြန်မာနိုင်ငံတွင် လူသိများ ခေတ်စားလာခဲ့သည်။ ICC  ဆိုသည်မှာ "International Criminal Court" ၏ အတိုကောက် စကားလုံးဖြစ်သည်။ ယင်းကို 'အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး' ဟူ၍ မြန်မာပြန်ဆိုနိုင်သည်။

 ရည်ရွယ်ချက်

ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ရခိုင်ဘင်္ဂါလီကိစ္စတွင် ပါဝင်ပတ်သက်လာသော "အိုင်စီစီ" နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ပြည်သူအများ သိရှိနားလည်ပြီး ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြချက်များ၊ မြန်မာနိုင်ငံအစိုးရ၏ သဘောထားနှင့် ရပ်တည်ချက်များကို ဝေဖန်သုံးသပ်နိုင်ရန် ဖြစ်သည်။

နောက်ခံသမိုင်း

အပြည်ပြည်ဆိုင်ရာ အမြဲတမ်းရာဇဝတ်တရားရုံးတစ်ရုံး တည်ထောင်ထားရှိရေးအတွက် ကုလသမဂ္ဂသည် ၁၉၅၁ ခုနှစ်ကပင် စတင်ကြိုးပမ်းလာခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသော်လည်း တိုးတက်မှုနှေးကွေးခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက "အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး တည်ထောင်ရေးအတွက် ပြင်ဆင်ရေးကော်မတီ" (The Preparatory Committee on the Establishment of an International Criminal Court) ကို ဖွဲ့စည်းဆောင်ရွက်စေသည့်အခါမှသာ ရည်ရွယ်ချက်အတိုင်း လုပ်ငန်းများအောင်မြင်မှုရရှိခဲ့သည်။

ကော်မတီသည် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်အတွင်း အစည်းအဝေး ခြောက်ကြိမ်ကျင်းပခဲ့ပြီး ၁၉၉၈ ခုနှစ်၊ ဇူလိုင် ၁၇ ရက်တွင် အီတလီနိုင်ငံ၊ ရောမမြို့၌"Rome Statute of the International Criminal Court"  ကိုအတည်ပြုချမှတ်ခြင်းဖြင့် "အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး" ကို တည်ထောင်နိုင်ခဲ့သည်။

(ယင်းအပြည်ပြည်ဆိုင်ရာစာချုပ်ကို "ရောမမြို့၌ ချမှတ်အတည်ပြုသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးဥပဒေ" ဟူ၍ မြန်မာပြန်ဆိုနိုင်ပါသည်။ ဤဥပဒေကို အင်္ဂလိပ်ဘာသာဖြင့်"Rome Statute" ဟူ၍အတိုကောက် သုံးစွဲကြသည့်အတိုင်း ဤဆောင်းပါးတွင်လည်း အတိုကောက်အဖြစ် "ရောမဥပဒေ" ဟူ၍ သုံးစွဲပါမည်။)

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၊ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံတို့အနက် ယူကေ(အင်္ဂလိပ်)နှင့်
ပြင်သစ်နိုင်ငံတို့သာလျှင် ယင်းစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ကြပြီး . . .

ဤစာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့သော ယင်းကော်မတီ၏ ဒုတိယနှင့်စတုတ္ထအကြိမ် အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

စတုတ္ထအစည်းအဝေးသို့ တက်ရောက်ပြီးနောက် ယင်းကော်မတီ၏ ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက် ဆောင်ရွက်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရသို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။ယင်းအစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်မှုများကို မြန်မာ့တပ်မတော်က တိုက်ခိုက်နှိမ်နင်းလျက်ရှိသည်ကို အကြောင်းပြု၍ လူမျိုးတုံးသတ်ဖြတ်မှုစသည့် မဟုတ်မမှန်သော စွပ်စွဲချက်များဖြင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအား နိုင်ငံရေးအရ တိုက်ခိုက်လာနိုင်သည့် အခြေအနေများရှိသောကြောင့် ဖော်ပြပါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုသင့်ကြောင်း တင်ပြခဲ့သည်။

ယင်းတင်ပြချက်ကို အစိုးရအဖွဲ့က သဘောတူညီပြီး အဆိုပါကော်မတီက ဆက်လက်ကျင်းပမည့် အစည်းအဝေးများသို့ မြန်မာနိုင်ငံအနေဖြင့် ဆက်လက်တက်ရောက်ခြင်း မပြုရန်နှင့် စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

ရောမဥပဒေ

 ရောမဥပဒေတွင်အပိုင်း ၁၃ ပိုင်း၊ စာပိုဒ်(Article)ပေါင်း ၁၂၈ ပိုဒ်ပါဝင်သည်။ ၎င်းတို့မှာ

(၁) တရားရုံးဖွဲ့စည်းတည်ထာင်ခြင်း၊ 

(၂) စီရင်ပိုင်ခွင့်၊ အမှုလက်ခံခြင်းနှင့်သက်ဆိုင်သည့်         ဥပဒေ၊ 

(၃) ရာဇဝတ်ဥပဒေဆိုင်ရာယေဘုယျမူများ၊ 

(၄) တရားရုံးဖွဲ့စည်းခြင်းနှင့် 

    တရားရုံးကိုစီမံအုပ်ချုပ်ခြင်း၊ 

(၅) စုံစမ်းထောက်လှမ်းခြင်းနှင့်တရားစွဲဆိုခြင်း၊ 

(၆) အမှုစစ်ဆေးစီရင်ခြင်း၊ 

(၇) ပြစ်ဒဏ်များ၊ 

(၈) အယူခံမှုနှင့် ပြင်ဆင်မှု၊ 

(၉) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းနှင့် 

     တရားရေးဆိုင်ရာ ကူညီဆောင်ရွက်မှု၊ 

(၁၀) ပြစ်ဒဏ်ကိုအတည်ပြုဆောင်ရွက်ခြင်း၊ 

(၁၁) အဖွဲ့ဝင်နိုင်ငံများ ညီလာခံ၊ 

(၁၂) ဘဏ္ဍာရေး၊ 

(၁၃) နောက်ဆုံးစာပိုဒ်များတို့ဖြစ်သည်။

ယင်းတို့အနက်မှပြည်သူအများ သိရှိသင့်သည့် အချက်များကိုသာ ရွေးနုတ်ဖော်ပြမည်။

စာချုပ်ဝင်နိုင်ငံများ

ရောမဥပဒေခေါ် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးကို တည်ထောင်သည့်စာချုပ်တွင် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်အထိ အဖွဲ့ဝင်နိုင်ငံ ၁၂၃ နိုင်ငံရှိသည်။ စာချုပ်ကို မူလက လက်မှတ်ရေးထိုးသော နိုင်ငံပေါင်း ၁၃၉ နိုင်ငံဖြစ်သော်လည်း ၁၂၃ နိုင်ငံကသာလျှင် တရားဝင်အတည်ပြုခဲ့ပြီး လက်မှတ်ထိုးခဲ့သော ကျန်နိုင်ငံများက ဆက်လက်၍အတည်ပြုခြင်းမရှိသဖြင့် စာချုပ်ဝင်နိုင်ငံ ဖြစ်မလာခဲ့ပေ။ လက်မှတ်ရေးထိုးခဲ့သောနိုင်ငံများအနက် အမေရိကန်ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်း၊ အစ္စရေးနှင့် ဖိလစ်ပိုင်နိုင်ငံတို့က လက်မှတ်ရေးထိုးခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ကြသည်။

၎င်းတို့အနက် ဖိလစ်ပိုင်မှအပ ကျန်သုံးနိုင်ငံတို့ကမူနောင်တွင်လည်း ဤစာချုပ်တွင် ပါဝင်မည် မဟုတ်တော့ကြောင်း အတိအလင်း အကြောင်းကြားစာပေးပို့ခဲ့သည်။

ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၊ အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံတို့အနက် ယူကေ(အင်္ဂလိပ်)နှင့် ပြင်သစ်နိုင်ငံတို့သာလျှင် ယင်းစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ကြပြီး အမေရိကန်ပြည်ထောင်စု၊ ရုရှားဖက်ဒရေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ပါဝင်ခြင်းမရှိပေ။

အာရှတိုက်မှ နိုင်ငံကြီးတစ်နိုင်ငံဖြစ်သော အိန္ဒိယသည်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမရှိ။ ဂျပန်၊ တောင်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှာ စာချုပ်ဝင်နိုင်ငံများ ဖြစ်သည်။

အာဆီယံ ၁၁ နိုင်ငံအနက် ကမ္ဘောဒီးယားနှင့် တီမောလက်စတေနိုင်ငံတို့သာလျှင် စာချုပ်တွင် ပါဝင် ထားကြပြီး ကျန်အာဆီယံ ကိုးနိုင်ငံတို့မှာ ပါဝင်ထားခြင်းမရှိပါ။

တရားရုံးတည်ထောင်ခြင်း

 အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ("တရားရုံး")ကို အီတလီနိုင်ငံ၊ ရောမမြို့၌ ချုပ်ဆိုသော "ရောမဥပဒေ" အရ တည်ထောင်ခြင်းဖြစ်သော်လည်း ၎င်း၏ရုံးစိုက်ရာဌာနမှာ နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ် မြို့ဖြစ်သည်။ တရားရုံးသည် အမြဲတမ်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဥပဒေအရသတ်မှတ်သောပုဂ္ဂိုလ်(legal person) ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးကဲ့သို့ပင် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ရပ်တည်ခွင့်ရှိပြီး ၎င်း၏အမည်ဖြင့် စာချုပ်ချုပ်ဆိုခွင့်၊ ပစ္စည်းပိုင်ဆိုင်ခွင့်၊ သူတစ်ပါးကို တရားစွဲဆိုခွင့်၊ သူတစ်ပါးက တရားစွဲဆိုသည်ကို ခံပိုင်ခွင့်ရှိသည်။ တရားရုံးနှင့် ကုလသမဂ္ဂတို့အကြား၊ တရားရုံးနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံဆောင်ရွက်မှုအတွက် စာချုပ်များ ချုပ်ဆိုထားသည်။

 တရားရုံးဖွဲ့စည်းပုံ

တရားရုံးကို အောက်ပါဌာနလေးခုဖြင့် ဖွဲ့စည်းထားသည်။-

(က)  သဘာပတိအဖွဲ့/ဥက္ကဋ္ဌရုံး The Presidency၊

(ခ) အယူခံဌာနခွဲ Appeal Division၊ မူလမှု   စစ်ဆေး

    စီရင်ရေးဌာနခွဲ(Trial Division) နှင့် ကနဦး

    စုံစမ်းစစ်ဆေးရေးဌာနခွဲ (Pre-Trial Division)၊

(ဂ) တရားစွဲအရာရှိ/တရားလိုရှေ့နေရုံး

     The Office of the Prosecutor)၊

(ဃ) မော်ကွန်းထိန်းဌာန The Registry)။

 တရားသူကြီးများ

တရားရုံး၏ အချိန်ပြည့်တရားသူကြီး ၁၈ ဦးကိုစာချုပ်ဝင်နိုင်ငံများ၏ ညီလာခံတွင် နိုင်ငံကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်သည်။တရားရုံး၏ လုပ်ငန်းပမာဏကို ထောက်ချင့်ပြီး တရားသူကြီးများ၏ သဘာပတိအဖွဲ့အနေဖြင့် တရားသူကြီးဦးရေ အတိုးအလျော့ ပြုလုပ်ရန်လိုအပ်ပါက စာချုပ်ဝင်နိုင်ငံများ၏ ညီလာခံသို့ အဆိုပြုတင်ပြနိုင်သည်။ စာချုပ်ဝင်နိုင်ငံတိုင်းသည် ၎င်း၏နိုင်ငံသားကိုဖြစ်စေ၊ စာချုပ်ဝင်အခြား နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားကိုဖြစ်စေ သတ်မှတ်ထားသော အရည်အချင်း ပြည့်မီသူဖြစ်ပါက တရားသူကြီးလောင်း တစ်ဦးစီကို အဆိုပြုလျာထားခွင့်ရှိသည်။

တရားသူကြီးအဖြစ် အဆိုပြုလျာထားခြင်းခံရသူသည် ရိုးသား၍ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီးဘက်မလိုက်သူဖြစ်ရမည်။ မိမိနိုင်ငံ၏ အမြင့်ဆုံး တရားရေးရာ ရာထူးတွင်ခန့်ထားရန် အရည်အချင်း ပြည့်စုံသူဖြစ်ရမည်။ တရားရုံး၏ တရားဝင်ဘာသာစကားများ ဖြစ်ကြသော စပိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ အာရဗီနှင့်အင်္ဂလိပ် ဘာသာစကားများအနက် အနည်းဆုံးတစ်ဘာသာကို ကျွမ်းကျင်စွာ တတ်မြောက်သူ ဖြစ်ရမည်။ ထို့ပြင် ရာဇဝတ်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းတွင် အရည်အချင်းပြည့်ဝသူ ("က") စာရင်းတွင် ကျော်ကြားသူ သို့မဟုတ် လူသားနှင့် လူ့အခွင့်အရေးတို့နှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေနယ်ပယ်တွင် အရည်အချင်းပြည့်ဝသူ ("ခ" စာရင်း)တွင် ကျော်ကြားသူ ဖြစ်ရမည်။ တရားသူကြီးများကို ပထမအကြိမ် ရွေးချယ်ရာတွင် "က" စာရင်းမှ အနည်းဆုံး ကိုးဦးနှင့် "ခ"စာရင်းမှအနည်းဆုံး ငါးဦးပါဝင်စေရမည်။ နောင် ရွေးချယ်ပွဲများတွင်လည်း ယင်းအချိုးအစားအတိုင်း ကိုက်ညီအောင်ရွေးချယ်ရမည်။

စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံတည်းမှ တရားသူကြီးနှစ်ဦးပါဝင်ခွင့်မရှိ။ တရားသူကြီးများကို ရွေးချယ်ရာ၌ ကမ္ဘာ့ဥပဒေစနစ်ကြီးများကို ကိုယ်စားပြုမှု၊ ပထဝီဒေသဆိုင်ရာ ကိုယ်စားပြုမှု၊ ကျားနှင့်မ ပါဝင်မှု အချိုးအစားတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည်။

 တရားသူကြီးများ၏ သက်တမ်းမှာ ကိုးနှစ်ဖြစ်ပြီး ပြန်လည်၍ ရွေးချယ်ခံပိုင်ခွင့်မရှိ။ ပထမအကြိမ် ရွေးချယ်ပွဲတွင် ရွေးချယ်ခံတရားသူကြီးများ၏ ၃ ပုံ ၁ ပုံကို သုံးနှစ်သက်တမ်းအတွက်၊ ၃ပုံ ၁ ပုံကို ခြောက်နှစ်သက်တမ်းအတွက်၊ ၃ ပုံ ၁ ပုံကို ကိုးနှစ်သက်တမ်းအတွက် သတ်မှတ်ရွေးချယ်ရမည်။ လစ်လပ်နေရာအတွက် ရွေးချယ်ခြင်းခံရသူသည် မူလရာထူးသက်တမ်းအထိသာ တာဝန်ထမ်းဆောင်ခွင့်ရှိပြီး နောက်ထပ်သက်တမ်းပြည့်အတွက် ပြန်လည်ရွေးချယ်ခံပိုင်ခွင့်ရှိသည်။ သုံးနှစ်သက်တမ်းအတွက်သာ ရွေးချယ်ခြင်းခံရသူများလည်း နောက်ထပ်သက်တမ်းပြည့်အတွက် ပြန်လည်ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ ကျန်တရားသူကြီးများမှာ ထပ်မံရွေးချယ်ခံပိုင်ခွင့်မရှိ။

သဘာပတိအဖွဲ့

သဘာပတိအဖွဲ့တွင် တရားသူကြီးများ၏ များရာမဲဖြင့်ရွေးချယ်တင်မြှောက်ထားသော ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ(၁)နှင့် ဒုတိယဥက္ကဋ္ဌ(၂) တို့ ပါဝင်သည်။ ၎င်းတို့၏ သက်တမ်းမှာ သုံးနှစ် သို့မဟုတ် တစ်ဦးချင်း၏ တရားသူကြီးသက်တမ်း ကုန်ဆုံးချိန်အထိ ကာလနှစ်ခုအနက် အချိန်စော၍ကုန်ဆုံးသော ကာလအထိဖြစ်သည်။ နောက်ထပ်တစ်ကြိမ်စီ ပြန်လည်ရွေးချယ်ခံနိုင်သည်။

သဘာပတိအဖွဲ့၏ တာဝန်မှာ တရားစွဲဆိုရေးအရာရှိရုံးမှအပ "တရားရုံး" ကို စီမံအုပ်ချုပ်ရန်ဖြစ်သည်။ သဘာပတိအဖွဲ့အနေဖြင့် တရားစွဲဆိုရေးအရာရှိကို အုပ်ချုပ်ခွင့်မရှိဟုဆိုသော်လည်း ၎င်း၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာ၌ တရားစွဲဆိုရေးအရာရှိနှင့် ညှိနှိုင်းရန်နှင့် နှစ်ဖက်စလုံးနှင့် သက်ဆိုင်သည့်ကိစ္စများတွင် တရားစွဲဆိုရေးအရာရှိ၏ သဘောတူညီချက်ကို ရယူရမည်ဟူ၍ ရောမဥပဒေ၊ စာပိုဒ် ၃၈(၄) တွင်ပြဋ္ဌာန်းထားသည်။ (ဤပြဋ္ဌာန်းချက်သည် တရားမျှတမှု ရှိ၊ မရှိ ဘက်လိုက်မှု ရှိ၊ မရှိတို့နှင့်စပ်လျဉ်း၍ မေးခွန်းထုတ်နိုင်သည့် ပြဋ္ဌာန်းချက်ဖြစ်သည်။)

တရားစီရင်ရေးဆိုင်ရာ ဌာနခွဲများ(Chambers)

တရားရုံး၏ တရားသူကြီးများကို ရွေးချယ်ပြီးလျှင်ပြီးချင်း တရားရုံး၏ ဌာနခွဲများဖြစ်ကြသော အယူခံ ဌာနခွဲ(Appeals Division)ကို ဥက္ကဋ္ဌနှင့် အခြားတရားသူကြီးလေးဦးတို့ဖြင့်လည်းကောင်း၊ မူလမှုစစ်ဆေးစီရင်ရေးဌာနခွဲ (Trial Division)ကို ခြောက်ဦးအောက်မနည်းသော တရားသူကြီးများဖြင့်လည်းကောင်း၊ ကနဦးစုံစမ်းစစ်ဆေးရေးဌာနခွဲ (Pre-Trial Division)ကိုလည်း ခြောက်ဦးအောက် မနည်းသော တရားသူကြီးများဖြင့်လည်းကောင်း ဖွဲ့စည်းထားရှိသည်။

မူလမှုများကို စစ်ဆေးရာတွင် ၎င်းဌာနခွဲမှ တရားသူကြီးသုံးဦးစီပါဝင်ရမည်ဖြစ်သည်။ ကနဦး စုံစမ်းစစ်ဆေးမှုကို ၎င်းဌာနခွဲရှိ တရားသူကြီးသုံးဦးပါသော အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။ မူလမှု စစ်ဆေးစီရင်ခြင်းနှင့် ကနဦးစုံစမ်းစစ်ဆေးမှုတို့တွင် တရားသူကြီးတစ်ဦးသည် ခုံအဖွဲ့တစ်ဖွဲ့ထက်ပို၍ ပါဝင်ခွင့်ရှိသည်။

အယူခံမှုများတွင် အယူခံဌာနခွဲမှ တရားသူကြီးအားလုံး ပါဝင်ရမည်။ အယူခံဌာနခွဲမှ တရားသူကြီးများသည် မူလမှုစစ်ဆေးစီရင်ခြင်းနှင့် ကနဦးစုံစမ်းစစ်ဆေးခြင်းတို့တွင် ပါဝင်ခွင့်မရှိသကဲ့သို့ ကနဦး စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့သော တရားသူကြီးသည်လည်း ယင်းအမှုကို စစ်ဆေးစီရင်မှု  (Trial)တွင် ပါဝင်ခွင့်မရှိပေ။

တရားစွဲအရာရှိ/တရားလိုရှေ့နေ (The Prosecutor)

တရားစွဲအရာရှိသည် တရားရုံး၏ စီရင်ပိုင်ခွင့်အတွင်း ကျရောက်သော ရာဇဝတ်မှုကျူးလွန်ကြောင်း သတင်းပေးချက်ကို အခြေခံလျက် မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်(proprio motu)  စတင်စုံစမ်း ထောက်လှမ်းခွင့်ရှိသည်။ တရားစွဲအရာရှိသည် ရရှိသောသတင်း၏ အရေးပါမှုကိုစိစစ်ပြီးနောက် လိုအပ်လျှင် နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရအချင်းချင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းမအဖွဲ့အစည်းများထံမှ သတင်းများကို ရယူနိုင်သည့်အပြင် ရေးသားထားသော သို့မဟုတ် နှုတ်ဖြင့်ထွက်ဆိုသော သက်သေခံချက်
များကိုလည်း ရယူနိုင်သည်။ 

(ဆက်လက်ဖော်ပြပါမည်။)

 



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021