တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ အဆုတ်ရောင်ရောဂါကြောင့် ဒုတိယမြောက်သေဆုံးသူရှိလာခဲ့ပြီဖြစ်ကြောင်း ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီ ၁၆ ရက် အနှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆေးရုံတင်ကုသပေးခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝူဟန်စည်ပင်သာယာကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ဇန်နဝါရီ ၁၅ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ဝူဟန်၌ အဆုတ်ရောင်ရောဂါဖြစ်ပွားသူ ၄၁ ဦးရှိသွားပြီဖြစ်သည်။ သာမန်အအေးမိဖျားနာခြင်းမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်အဆုတ်ရောင်ရောဂါ( ဆားစ်) အထိပါဝင်သည့် ဗိုင်းရပ်စ်မိသားစုမှ ကော်ရိုနာဗိုင်းရပ်စ်သစ်တစ်မျိုးဖြစ်နိုင်ကြောင်း နိုင်ငံပိုင်မီဒီယာက သုတေသနတွေ့ရှိမှုများကို ကိုးကားဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံသားတစ်ဦးသည်လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဂျပန်က ဇန်နဝါရီ ၁၆ ရက်တွင် အတည်ပြုပြောဆိုခဲ့ပြီး ထိုင်းနိုင်ငံတွင်လည်း တရုတ်နိုင်ငံသူတစ်ဦးကို သီးသန့်ထားရှိကာ ကုသမှုများပြုလုပ်ပေးနေရကြောင်း ထိုင်းအစိုးရက ပြောဆိုထားပြီးဖြစ်သည်။ အဆုတ်ရောင်ရောဂါကူးစက်ပျံ့ပွားမှုများရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့( ဒဗလျူအိပ်ချ်အို) က သတိပေးထားသည်။
အဆုတ်ရောင်ရောဂါဖြစ်ပွားနေသူများနှင့် ထိတွေ့ခဲ့သူ ၇၆၃ ဦးခန့်ကို အနီးကပ်စောင့်ကြည့်နေကြောင်း ဝူဟန်ကျန်းမာရေးဌာနကပြောဆိုခဲ့သည်။ ၎င်းတို့အနက် ၆၄၄ ဦးကို အန္တရာယ်ကင်းရှင်းသဖြင့် စောင့်ကြည့်မှုရုပ်သိမ်းထားပြီး ၁၁၉ ဦးကိုမူ ဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်။ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည်လည်း အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့ပြီးဖြစ်သည်။
တစ်ချိန်တည်းမှာပင် ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ ကလေးမွေးဖွားမှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ချိန် လွန်ခဲ့သော နှစ် ၇၀ မှစ၍ အနိမ့်ဆုံးအထိကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်အင်းဗြူရိုက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ တရုတ်၌ ၂၀၁၉ ခုနှစ်အတွင်း ကလေး ၁၄ ဒသမ ၆၅ သန်းမွေးဖွားခဲ့သည်။
တရုတ်၌ ကျန်းမာရေးစောင့်ရှောက်မှုစားရိတ်၊ ပညာသင်စရိတ်နှင့် နေထိုင်စရာအခက်အခဲများကြောင့် စုံတွဲများသည် ကလေးယူရန် တွန့်ဆုတ်နေကြသည်။ ၂၀၁၅ ခုနှစ်တွင် တစ်အိမ်ထောင်ကလေးတစ်ယောက်နှုန်းမူဝါဒကို ဖျက်သိမ်းခဲ့သော်လည်း ကလေးမွေးဖွားနှုန်းတက်လာခြင်းမရှိခဲ့ချေ။
ထို့ပြင် အိမ်ထောင်ကွာရှင်းမှုနှုန်းသည်လည်း စံချိန်တင်မြင့်တက်ခဲ့သည်။ ၂၀၁၉ည ခုနှစ် ပထမသုံးလပတ်တွင် စုံတွဲ ၃ ဒသမ ၁ သန်းသည် ကွာရှင်းပြတ်စဲလိုကြောင်း လျှောက်ထားခဲ့သည်။ ယင်းနှစ် တူညီသောကာလအတွင်း စုံတွဲ ၇ ဒသမ ၁ သန်းသာ လက်ထပ်ခဲ့ကြကြောင်း စာရင်းအင်းဗြူရို၏မှတ်တမ်းများအရ သိရသည်။

















