ဖေ့စ်ဘွတ်ခ်၌ တင်ထားသည့် ပိုလီယိုကာကွယ်ဆေးဆိုင်ရာ သတင်းမှား ပျံ့နှံ့ခဲ့ပြီးနောက် ယင်းသတင်းမှားများကို တိုက်ဖျက်ရာတွင် ဖေ့စ်ဘွတ်ခ်က အကူအညီပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည့် ပါကစ္စတန်အစိုးရက ဇန်နဝါရီ ၁၆ ရက်တွင် ပြောဆိုခဲ့သည်။
ပါကစ္စတန်သည် ပိုလီယိုရောဂါကင်းစင်ခြင်းမရှိသေးသည့် နိုင်ငံသုံးနိုင်ငံတွင် ပါဝင်နေသည်။ ၂၀၁၈ ခုနှစ်တွင် ပါကစ္စတန်၌ ပိုလီယိုဖြစ်ပွားမှု ၁၂ မှုသာရှိခဲ့သော်လည်း ယမန်နှစ်တွင်မူ ၁၃၆ မှုအထိမြင့်တက်လာခဲ့သည်။
ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံခံရပြီးနောက် ကလေးများစွာသေဆုံးခဲ့ကြောင်း သတင်းမှား၊ သတင်းတုများနှင့် လုပ်ကြံဖန်တီးထားသော ဗီဒီယိုဖိုင်များ ပျံ့နှံ့မှုနှင့် ပိုလီယိုဖြစ်ပွားသည့် ကလေးဦးရေ တိုးပွားလာမှုတို့ကြား ဆက်စပ်နေကြောင်း ပါကစ္စတန်အစိုးရကပြောဆိုခဲ့သည်။
ဖေ့စ်ဘွတ်ခ်ရှိ ပိုလီယိုကာကွယ်ဆေးဆိုင်ရာသတင်းမှားများကြောင့် ပိုလီယိုရောဂါတိုက်ဖျက်ရေးလုပ်ဆောင်မှုများ ထိခိုက်နေပြီး ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အန္တရာယ်ရှိလာသောကြောင့် ဖေ့စ်ဘွတ်ခ်အနေဖြင့် ယင်းသတင်းမှား၊ သတင်းတုများကို ဖယ်ရှားပေးရန် ပါကစ္စတန်က တောင်းဆိုခဲ့သည်။ ဖေ့စ်ဘွတ်ခ်သည် အဆိုပါဗီဒီယိုဖိုင်ဒါဇင်ပေါင်းများစွာကို ဖယ်ရှားပေးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များကပြောဆိုခဲ့သည်။
ယခုအပတ်တွင် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အစ္စလာမာဘတ်သို့ရောက်ရှိလာပြီး သတင်းမှားတိုက်ဖျက်ရေးတွင် ပါဝင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ခဲ့သည်။
ပိုလီယိုကင်းစင်သည့် ကမ္ဘာဖန်တီးရေး နိုင်ငံများနှင့် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းချက်များကို ထောက်ခံကြောင်း ဖေ့စ်ဘွတ်ခ်၏ဒေသဆိုင်ရာအကြီးအကဲ ရာဖယ် ဖရန်ကယ်ကပြောဆိုခဲ့သည်။ အွန်လိုင်းတွင် ကျန်းမာရေးဆိုင်ရာမှန်ကန်သော သတင်းအချက်အလက်များဝေမျှနိုင်ရေးသည် အရေးကြီးလှကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်း၏ ကျန်းမာရေးဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာ ဇာဖာ မီရ်ဇာကပြောဆိုခဲ့သည်။
စီအိုင်အေသည် ကာကွယ်ဆေးထိုးနှံသည့် အဖွဲ့အဖြစ်ဟန်ဆောင်ကာပါကစ္စတန်နိုင်ငံ အဘော့တာဘတ်မြို့၌ ခိုလှုံနေသည့် အယ်လ်ခိုင်ဒါအဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင်ကို ခြေရာခံနိုင်ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးအဖွဲ့များကို နိုင်ငံသားများ မယုံကြည်မှုများရှိလာခဲ့သည်။

















