ထိုင်းတောင်ပိုင်းကုန်းမကြီးနှင့် ခိုစမွီကျွန်းတို့ကိုဆက်သွယ်ပေးမည့် တံတားသစ်ကို ချန်အိုချာတံတားအဖြစ် အမည်ပေးရန် လွှတ်တော်အမတ်တစ်ဦးက အဆိုပြုခဲ့ခြင်းကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပယ်ချခဲ့ကြောင်း အစိုးရ၏ပြောခွင့်ရှိသူ နာရူမန် ပင်ယိုဆင်ဝတ်ကပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၎င်း၏နာမည်ပါ မည်သည့်စကားလုံးကိုမဆို တံတား၏အမည်အဖြစ်အသုံးပြုခွင့်ပေးမည်မဟုတ်သော်လည်း တံတားဆောက်လုပ်ရန် အစီအစဉ်ကိုမူ သဘောတူကြောင်း နာရူမန်က ပြောဆိုခဲ့သည်။ နိုင်ငံရန်ပုံငွေဖြင့် တည်ဆောက်သည့် မည်သည့်အရာကိုမူ ၎င်း၏အမည်ကို အသုံးပြုခွင့်ပြုမည်မဟုတ်ကြောင်း၊ ပြည်သူများသည် ၎င်းလုပ်ဆောင်ခဲ့သည်များအတွက်သာ ၎င်းကိုအမှတ်ရစေချင်ကြောင်း ပရာယွတ်ကပြောဆိုခဲ့သည်ဟု နာရူမန်က ဆက်လက်ပြောဆိုခဲ့သည်။
ပါလန်း ပရာချာရတ်ပါတီမှ အမတ် ဆာယန် ယူတီသမ်က ခါနွမ်ခရိုင်နှင့် နိုင်ငံခြားသားခရီးသွားများလာရောက်လေ့ရှိသည့် စမွီကျွန်းတို့ကို ဆက်သွယ်ပေးမည့် တံတား၏အမည်နှင့်ပတ်သက်၍ ဇန်နဝါရီ ၁၆ ရက်တွင် အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကို ဂုဏ်ပြုသည့်အနေဖြင့် တံတားပြီးစီးပါက ၎င်း၏အမည်ပေးသင့်ကြောင်း အမတ်က အောက်လွှတ်တော်တွင် ပြောဆိုခဲ့သည်။
တံတားအမည်ပေးမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် သိရှိခြင်းမရှိကြောင်း အစိုးရ၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။ အမတ်သည် အဆိုပြုချက်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်ရုံးကို ကြိုတင်အသိပေးမှုမရှိခဲ့ကြောင်းလည်း ၎င်းကပြောဆိုခဲ့သည်။
ပို့ဆောင်ရေးဝန်ကြီးဌာနက တံတားဆောက်လုပ်ရန် သင့်လျော်ခြင်းရှိမရှိ၊ တံတားကြောင့် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ရှိလာနိုင်သည့် သက်ရောက်မှုများကို လေ့လာနေခြင်းကိုမူ ဝန်ကြီးချုပ်က ထောက်ခံခဲ့သည်။
ဆူရတ် သာနီခရိုင်ရှိ စမွီကျွန်းသို့ ခရီးသွား နှစ်သန်းကျော် နှစ်စဉ်လာရောက်လေ့ရှိသည်။ ကျွန်းသို့ ဖယ်ရီသင်္ဘော၊ အမြန်ရေယာဉ်၊ လေယာဉ်တို့ဖြင့် သွားရောက်နိုင်သည်။

















