မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ၄င်းတို့အနေဖြင့် အမှားများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း ခရစ္စ တယ်ပဲလေ့စ်နှင့် နှစ်ဂိုးစီ သရေကျခဲ့ သည့်ပွဲအပြီး ဝန်ခံပြောကြားခဲ့သည်။
နှစ်သင်းစလုံးတွင် အဓိက ကစားသမားများ အစုံအလင် ပါဝင်ခဲ့ပြီး ပဲလေ့စ် မှာ ၃၉ မိနစ်တွင် ဦးဆောင်ဂိုးရယူ ခဲ့ပြီး တိုဆန်က သွင်းယူခဲ့သည်။ မန် စီးတီးသည် အိမ်ကွင်းတွင် ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့ သော်လည်း ဂိုးပေါက်လွဲချော်နေခဲ့သည်။
မန်စီးတီးသည် ပွဲချိန် ၈၂ မိနစ်တွင် ချေပဂိုး ရရှိခဲ့ပြီး အဂူရိုက သွင်းယူ ပေးခဲ့သည်။ အာဂျင်တီးနား တိုက်စစ် မှူး အဂူရိုသည် ပွဲချိန် ၈၇ မိနစ်၌ အသင်းအတွက် ဒုတိယဂိုး သွင်းယူ နိုင်ခဲ့သည်။
နှစ်ဂိုး တစ်ဂိုးဖြင့် ပွဲပြီးဆုံးမည်ဟု ထင်ခဲ့ရသော်လည်း ပဲလေ့စ်သည် ပွဲ ပြီးလုချိန်တွင် အဖိုးတန် ချေပဂိုးရရှိ ခဲ့သည်။ အိုင်ဗရီကို့စ် တောင်ပံတိုက် စစ်မှူး ဇာဟာသည် ဘယ်ခြမ်းမှ ပင် နယ်တီဧရိယာအတွင်းသို့ ဖြတ်ပို့ခဲ့ရာ မန်စီးတီး ကစားသမား ဖာနန်ဒင်ဟိုက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သည်။ မန်စီး တီးအတွက် အိမ်ကွင်းတွင် အဖိုးတန် အနိုင်သုံးမှတ် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
နည်းပြ ဂွာဒီယိုလာက ''ကျွန်တော် တို့အနေနဲ့ အမှားတွေကို သင်ခန်းစာ ယူရမယ်၊ ပိုပြီးကောင်းအောင် ကြိုးစား ရမယ်၊ ချေပဂိုး ပေးလိုက်ရတဲ့ တန်ပြန် တိုက်စစ်ပုံစံမျိုး ခွင့်ပြုလို့မရပါဘူး။ ဒါကို ကျွန်တော်တို့ သိပါတယ်။ မနှစ် ကလည်း ပဲလေ့စ်ဟာ ကျွန်တော်တို့ ကွင်းမှာ အနိုင််ကစားခဲ့တာပါ။ ပွဲကို ထိန်းချုပ်နိုင်ပေမယ့် အမှားမလုပ်ဖို့ အရေးကြီးပါတယ်။ ဇာဟာကို ပြေးခွင့် ပေးလို့ မရဘူးလေ။ ဒါပေမဲ့ ပြေးခွင့် ပေးလိုက်တော့ ခုလိုဖြစ်သွားတယ်'' ဟု ပြောကြားခဲ့သည်။
မန်စီးတီးသည် ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားပြီးချိန် ၁၅ ပွဲနိုင်၊ သုံးပွဲ သရေ၊ ငါးပွဲရှုံး၊ ၄၈ မှတ်ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေသည်။















