နေအိမ်အတွင်း ဝင်ရောက်လာသူနှင့် အိမ်ရှင် လုံးထွေးသတ်ပုတ်၊ ကျူးကျော် ဝင်ရောက်သူ ၅ လွှာမှပြုတ်ကျ

နေအိမ်အတွင်း ဝင်ရောက်လာသူနှင့် အိမ်ရှင် လုံးထွေးသတ်ပုတ်၊ ကျူးကျော် ဝင်ရောက်သူ ၅ လွှာမှပြုတ်ကျ

မြဝတီမြို့၌ နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်လာသူ နှင့် အိမ်ရှင်တို့ လုံးထွေးသတ်ပုတ်ရာက ကျူးကျော် ဝင်ရောက်သူ ငါးလွှာမှပြုတ်ကျကာ အိမ်ရှင် အမျိုးသား ဓါးဖြင့်ထိုးခံရသည့် ဒဏ်ရာရရှိခဲ့မှု ကို စစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ ၂၀ ရက်တွင် ရဲတပ်ဖွဲ့မှသိရသည်။ 

ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီခွဲအချိန်ခန့်တွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ရှိ နေအိမ်ငါးလွှာ အခန်းသို့ အမျိုးသားတစ်ဦး ကျူးကျော်ဝင်ရောက်လာကာ အိမ်ရှင်အမျိုးသားအား ဓားဖြင့်ထိုးခုတ်ခဲ့သည်။

အိမ်ရှင်အမျိုးသားနှင့် အဆိုပါကျူးကျော်ဝင်ရောက်သူ အမျိုးသားတို့ လုံးထွေး သတ်ပုတ်ကြစဉ် ပတ်ဝန်းကျင်နေထိုင်သူများက အော်သံများကြားသဖြင့်ထွက်ကြည့်ရာ ကျူးကျော်သူ အမျိုးသားမှာ နောက်ဖေးလှေခါးမှ ထွက်ပြေးစဉ် လမ်းကြားသို့ ပြုတ်ကျသွားခဲ့သည်။

ဓားဖြင့် ထိုးခံရမှုကြောင့် အသက် ၅၉ နှစ်အရွယ်ရှိ အိမ်ရှင်အမျိုးသားမှာ ထိုးသွင်းဒဏ်ရာရရှိခဲ့သည်။ 

သက်ဆိုင်ရာက စုံစမ်းခဲ့ရာ နေအိမ်တွင်းဝင်ရောက်ကျူးကျော်သူအမျိုးသားမှာ မြဝတီမြို့ ၅ ရပ်ကွက်နေ ပန်းရံလုပ်ကိုင်သူ အောင်ကို (၂၅ နှစ်) နှစ် ဖြစ်ကြောင်းသိရသည်။

မြဝတီမြို့မရဲစခန်းက(ပ)၈၂/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၉ အရ အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။