တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယူနန်ပြည်နယ်အတွင်းရှိ ''ဝ'' တိုင်းရင်း သား လူမျိုးစုများ၏ ကျေးရွာများသို့ ဇန်နဝါရီ ၁၉ ရက်ကသွားရောက်ခဲ့ပြီး ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်နှစ်သစ်ကူးမတိုင်မီ ဒေသ လှည့်လည်ခရီးစဉ်အတွင်း သမ္မတ ရှီသည် တန်ချောင်မြို့အနီးရှိ ဆီမိုလာ ''ဝ'' ကျေးရွာသို့ ဇန်နဝါရီ ၁၉ ရက်က ရောက်ရှိခဲ့ပြီး ဆင်းရဲနွမ်းပါးမှု မျဉ်း အောက်မှ လွတ်မြောက်အောင်ကြိုးပမ်း နိုင်ခဲ့သည့်အတွက် ကျေးရွာကို ဂုဏ် ပြုကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံသည် လူ့အဖွဲ့အစည်း ဘက်ပေါင်းစုံ တွင် ဆင်းရဲနွမ်းပါးမှု ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ပြီးနောက် နောက် တစ်ဆင့်အနေဖြင့် မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက် နည်းသည်ထက်နည်း အောင်ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သမ္မတရှီက ပြောသည်။
ကျေးလက်ဒေသများတွင် စက်မှု လုပ်ငန်းများ တိုးပွားလာရေး၊ ကျေးလက် စီးပွားမြင့်မားရေး၊ ကျေးလက်နေများ ဝင်ငွေမြင့်မားလာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုပြည့်စုံလာစေရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း သမ္မတရှီက ပြောသည်။
''ဝ'' ကျေးရွာ ခရီးစဉ်အတွင်း သမ္မတရှီသည် ဒေသအစဉ်အလာ အတိုင်း သစ်သားစည်ကို သုံးကြိမ်တီး ခတ်ကာ ဆန်ရေစပါး ပေါများပါစေ ကြောင်း၊ နိုင်ငံအတွင်း ငြိမ်းချမ်းသာ ယာပါစေကြောင်းနှင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေး ခဲ့ကာ တရုတ်နှစ်သစ်ကူး ဆုတောင်း စကားများလည်း ပြောကြားခဲ့ကြောင်း သိရသည်။

















