သဘာဝကျကျ ထိထိမိမိ "၃(က)"

သဘာဝကျကျ ထိထိမိမိ "၃(က)"

လူသားအားလုံးက လွတ်လပ်မျှတစွာ မွေးဖွားလာကြတယ် လို့ ပြောကြပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ခေါင်ဆိုင်လို မိန်းကလေးတော့ မပါဝင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါရိုက်တာ အောင်ချမ်းလူရဲ့ "၃-(က) 3A"ထဲက အဓိကဇာတ်ကောင် ခေါင်ဆိုင်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် က ပြည့်တန်ဆာ ဖြစ်နေလို့ပါပဲ။

ပြည့်တန်ဆာလို့ ဆိုလိုက်တာနဲ့ အော်လန်ရဲ့ မျက်စိထဲ မှာ ပြည့်တန်ဆာ ဇာတ်ကောင်တွေကို တန်းစီပြီး ရိုက်ကူး ပုံဖော်ခဲ့ကြတဲ့ ဒါရိုက်တာကြီးတွေနဲ့ ဇာတ်ကားတွေကို တန်းစီမြင်မိပါတယ်။ အထူးသဖြင့် ဒါရိုက်တာကြီး ဝိုင်းရဲ့ ရှေ့နောက်မညီမညာ ဖြစ်ခဲ့တဲ့ ဇာတ်ကောင် ရွှေကြာပေါ့။

အဲဒီ ပြည့်တန်ဆာဇာတ်ကောင်တွေကို ပုံဖော်ပုံချင်း အတူတူမှာ မျက်နှာသစ်ဒါရိုက်တာ အောင်ချမ်းလူရဲ့ ခေါင်ဆိုင်ကတော့ အော်လန့်ရင်ထဲ စွဲကျန်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင် ဖြစ်လာပါတယ်။ ဒီအလုပ်ကို လုပ်တဲ့သူတွေတိုင်းလိုလိုကို ဒါရိုက်တာတိုင်းလိုလိုက ရွေးချယ်မှုမရှိလို့၊ ပညာမတတ်လို့၊ ငွေလွယ်လွယ်ရလို့၊ အပြောင်းအလဲကို လုပ်ဖို့ မဝံ့ရဲကြလို့ စတာတွေနဲ့ပဲ ပုံဖော်လာကြပါတယ်။ ]၃(က)} မှာလည်း ဒီအတိုင်းပါပဲ။

ဒါပေမဲ့ သူ့အတွက် ပထမဦးဆုံးရုပ်ရှင်ဖြစ်လာမယ့် ဒါရိုက်တာအောင်ချမ်းလူက ဒီရုပ်ရှင်ကို ပုံဖော်ဖန်တီးတဲ့ အခါ သဘာဝနဲ့နီးစပ်ဖို့ တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက် တွေကို ကွင်းဆင်းလေ့လာပြီးမှ အခြေခံဖန်တီးထားတယ် လို့ ကြေညာထားပါတယ်။

ရုံတင်ရက် (ဇန်နဝါရီလ ၂ ရက်) မတိုင်ခင် ဖြေသွားတဲ့ အင်တာဗျူးမှာတော့ ဥပဒေရဲ့အားနည်းမှုတွေကို အသုံးချချင်သူတွေ၊ အလွဲသုံးစားလုပ်မှုတွေကို မီးမောင်းထိုးပြ ချင်လို့ဆိုပြီး ပိုင်ပိုင်နိုင်နိုင် ဖြေခဲ့ပါတယ်။ အဲဒါကြောင့် တကယ်ပဲလားဆိုတာကို သိချင်တဲ့စိတ်က ဒီဇာတ်ကားကို အော်လန့်အနေနဲ့ နှစ်သစ် ၂၀၂၀ မှာစောင့်ကြည့်ရမယ့် ဇာတ်ကားစာရင်းထဲ ရောက်စေခဲ့ပါတယ်။

၃(က)ကို လွပ်လပ်ရေးနေ့အစားထိုး အစိုးရ ရုံးပိတ်ရက်ဖြစ်တဲ့ တနင်္လာနေ့က  JCGV Junction City  ရုပ်ရှင်ရုံမှာကြည့်ခဲ့တာပါ။ ရှေ့က ဒါရိုက်တာတွေရဲ့ တလွဲသရုပ်ဖော်မှု တွေကြောင့် ပြည့်တန်ဆာဇာတ်ကောင်ကို ရုပ်ရှင်ဂျပိုးတွေ ကြည့်ဖို့ ကြဉ်နေကြတာလား၊ ပိတ်ရက်ခရီးတွေ လွန်နေကြတာလားမသိ ရုံထဲမှာတော့ ထူးထူးခြားခြား လူခပ်ကျဲကျဲ ရယ်ပါ။

မိနစ် ၁၂၀ ကျော်ကြာ ]၃(က)} ကို အနှောင့်အယှက် ကင်းကင်းနဲ့ ကြည့်ပြီးတဲ့အခါ မှာတော့ အော်လန့်အတွက် အစကနေ အဆုံးထိ အချိန်တွေ ရေတွက်ဖို့ မေ့လျော့စေ ခဲ့တဲ့ သရုပ်ဖော်ဇာတ်ကားကောင်းတစ်ကားလို့ မှတ်ချက်ချမိပါတယ်။

မျက်နှာသစ်ဆိုပေမဲ့ အပြောနဲ့အလုပ်ညီအောင် လုပ်ပြသွားနိုင်တဲ့ ဒါရိုက်တာအတွက် ဂုဏ်ယူပါတယ်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၃(က)ရဲ့ အားနည်းချက်တွေကို အသုံးချအနိုင်ကျင့်ခံခဲ့ရတဲ့၊ ဥပဒေအကြောင်း နားလည်မှုမရှိတဲ့ တကယ့်ပြင်ပက အမျိုးသမီးတွေအတွက် ခေါင်ဆိုင်ကတစ်ဆင့် သတိပေးခေါင်းလောင်းထိုးလိုက်နိုင်လို့ပါပဲ။

သူပုံဖော်တဲ့ ပုံစံတွေကလည်း အော်လန့်အတွက် တွေးလိုက်တိုင်း သဘောကျမိစေပါတယ်။ အထူးသဖြင့် ပုဒ်မ ၃(က) ရဲ့ ဟာကွက်ကို ကောင်းကောင်းနားလည်သူ ရဲဝန်ထမ်းတစ်ဦးက ယစ်မျိုးလိုင်စင်မရှိရင် အရက်၊ ဘီယာ ရောင်းချခွင့် မရှိဘူးဆိုတာတောင် မသိတဲ့ ခေါင်ဆိုင်ကို ရဲဝန်ထမ်းကိုယ်တိုင်ဆောင်ထားတဲ့ ကွန်ဒုံးတစ်ခုနဲ့ ပုဒ်မ ၃ ကကို အသုံးချပြီး "ဒါက ၃(က) မဟုတ်လား" ဆိုပြီး အဲဒီကွန်ဒုံးကို ခေါင်ဆိုင်ရဲ့Apron ထဲက ရှာတွေ့တဲ့ပုံစံနဲ့ ခြိမ်းခြောက်မှုဆန်တဲ့ ပြကွက်ပါပဲ။ ရိုးရိုးလေးနဲ့ ထိမိပါတယ်။ ဒီတစ်ကွက်တည်းနဲ့ အော်လန်တို့အဖို့ "၃(က)"က တန်သွားပါပြီ။

အဲဒီလို ထင်မထားတဲ့၊ တခြားဇာတ်ကားတွေမှာ မမြင်ရတဲ့ စကားအသုံးနှုန်းမျိုးတွေအစား ပြကွက်ခပ်စိပ်စိပ်တွေ က"၃(က)"ကို တစ်မူထူးစေပါတယ်။

လှတဲ့နောက်တစ်ခုက ရှမ်းဘာသာစကားအရ ဖြူစင်တဲ့ မိန်းကလေးလို့ အဓိပ္ပာယ်ရတဲ့ ခေါင်ဆိုင်ရဲ့ဘဝက ဖြူစင်မှု မရှိဘူးလို့ လူတွေသတ်မှတ်ကြတဲ့ ဘဝနဲ့ ဒွန်တွဲထားတာ ပါပဲ။ နောက်ပြီး ခေါင်ဆိုင်က ဘဝကိုပြောင်းလဲဖို့ ကြိုးစား တဲ့အခါ လူ့ပတ်ဝန်းကျင်ကြောင့် ဒီဝဲဂယက်ထဲကိုပဲ ပြန်ရောက်ရပုံကို အသေအချာ ပုံဖော်ထားပါတယ်။ အော်လန် သဘောပေါက်မိတာကတော့ ဒါကို ဒါရိုက်တာက မီးရထားဘူတာရုံတစ်ခုမှာ သူ့ရဲ့အဓိက ဇာတ်ကောင်ကို မှီခိုနေ စေပြီး သူ့ရဲ့ဘဝက အချိန်တန်ရင် ဒီဘူတာကိုပဲ တစ်ကျော့ပြန် ပြန်ရောက်လာတာချည်းပါပဲလို့ နှိုင်းချင်ပုံပါပဲ။

ကိုယ်တိုင်ရေး ဇာတ်ညွှန်းကလည်း ပြကွက်တစ်ခုနဲ့တစ်ခုကို အားကောင်းအောင် ချိတ်ဆက်လိုက်နိုင်ပါတယ်။ ဇာတ်ကောင်တိုင်း ကလည်း သူ့လုပ်ကွက်နဲ့သူ တာဝန်ကျေ ကြတယ်ဆိုတာ သရုပ်ဆောင်နေတာမဟုတ်ဘဲ တကယ်ဖြစ်နေသလိုမျိုး ဖြစ်နေရတာကြည့်ပြီး သဘာဝကျလိုက် တာလို့ မှတ်ချက်ချမိပါတယ်။

စွန့်ပစ်ခံပြီးကြီးပြင်းလာတဲ့ ခေါင်ဆိုင်ကို အင်တာဗျူး တဲ့သူနေရာက သရုပ်ဆောင်ရတဲ့ မိုးနိုင် (ချမ်းမင်းရဲထွဋ်)က လူတစ်ယောက်ရဲ့ အသက်နဲ့ နာမည်က အဲဒီသူအတွက် ဘယ်လောက်အရေးပါပုံကို ရှင်းပြတဲ့ပြကွက်က အော်လန့်အတွက် အိုဗာဖြစ်တယ်လို့ထင်ရပေမဲ့ အဲဒီပြကွက်ကို ဇာတ်ရဲ့အဆုံးသတ်နားမှာ ပြန်ချိတ်သွားတဲ့ ပုံစံလေးက လည်း သဘောကျစရာပါ။

ခေါင်ဆိုင်အဖြစ် သရုပ်ဆောင်တဲ့ နန်းဆုဦးကို အော်လန့်ပရိသတ်တွေ မဟူရာရုပ်ရှင်ရုံနဲ့ မြန်မာ့ပထမ ဦးဆုံး သိပံ္ပစိတ်ကူးယဉ်ဇာတ်ကားကြီး "အနန္တ"တို့မှာ ခပ်သွက်သွက် ဇာတ်ကောင်အဖြစ် တွေ့ဖူးပြီးဖြစ်မှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားထဲမှာတော့ တခြား ဒါရိုက်တာတွေ ပုံဖော်နေကျ ပြည့်တန်ဆာဇာတ်ကောင်တွေရဲ့ ဆန့်ကျင်ဘက် ခပ်တည်တည်ခပ်အေးအေး ဇာတ်ကောင်စရိုက် အတိုင်း မြင်တွေ့ရပါတယ်။

"၃ က" မှာတော့ နန်းဆုဦး (ခေါင်ဆိုင်)အပြင် ချမ်းမင်းရဲထွဋ် (မိုးနိုင်)၊ စိုးမြတ်သူဇာ (အမေစိုး)၊ ကလေးသရုပ်ဆောင် ဟိဏ်းသီရိစံ (မေမေချစ်လေး)၊ ထူးခြား (မြင့်မောင်)နဲ့ အခြားသရုပ်ဆောင်တွေ အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ အောင်ချမ်းလူ ဖြစ်ပြီး တွဲဖက်ဒါရိုက်တာကတော့ ကောင်းမြတ်သူကျော်နဲ့ ဝါရင့်
ရုပ်ရှင်ထုတ်လုပ်ရေး စိန်ဋ္ဌေးက ထုတ်လုပ်ထားတာပါ။