(ယခင်တစ်ပတ်မှအဆက်)
ဆက်လက်၍ စုံစမ်းထောက်လှမ်း မှုပြုလုပ်ရန် ခိုင်လုံသော အထောက် အထားရှိပါက ကနဦး စုံစမ်းစစ်ဆေးရေးရုံး (Pre-Trial Chamber) သို့ တင်ပြပြီး ဆက်လက်ဆောင်ရွက်ခွင့်အမိန့်ကို တောင်းခံရမည်။ ကနဦး စုံစမ်း စစ်ဆေးရေးရုံးသည် တရားစွဲအရာရှိ၏ တင်ပြချက်နှင့်စပ်လျဉ်း၍ ခွင့်ပြုမိန့် ချမှတ်နိုင်သည် သို့မဟုတ် ငြင်းပယ် နိုင်သည်။
တရားစွဲအရာရှိ/တရားလိုရှေ့နေရုံး
(The Office of the Prosecutor)
တရားစွဲဆိုရေးအရာရှိရုံးသည် တရားရုံး ၏ သီးခြားအင်္ဂါအစိတ်အပိုင်းတစ်ခုအဖြစ်လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသည်။ ၎င်းသည် လွှဲအပ်ပေးမှုများနှင့် တရားရုံး၏ စီရင်ပိုင်ခွင့်အတွင်း ကျရောက်သော ရာဇဝတ်မှုခင်းဆိုင်ရာ ခိုင်လုံသည့် သတင်းပေးချက်များကို စိစစ်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်းအတွက် လက်ခံရန် တာဝန် ရှိသည်။ ပြင်ပဌာနတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ညွှန်ကြားချက်ကို ခံယူ၍ ဆောင်ရွက်ခြင်း မပြုရ။
တရားစွဲအရာရှိရုံးကို တရားစွဲ အရာရှိက ဦးဆောင်ပြီး ၎င်းတွင် စီမံခန့်ခွဲအုပ်ချုပ်ခွင့်အာဏာ အပြည့်အဝရှိသည်။ တရားစွဲအရာရှိ၏ လုပ်ငန်းတာဝန်များကို ၎င်း၏ညွှန်ကြားချက်နှင့်အညီ ကူညီဆောင်ရွက်ရန် ဒုတိယတရားစွဲအရာရှိတစ်ဦးကို ဖြစ်စေ၊ တစ်ဦးထက်ပို၍ဖြစ်စေ ခန့်ထားနိုင်သည်။ တရားစွဲအရာရှိနှင့် ဒုတိယတရားစွဲအရာရှိများသည် လူမျိုးမတူသူများ ဖြစ်ကြရမည့်အပြင် အချိန်ပြည့် တာဝန်ထမ်းဆောင်ကြရမည်။
၎င်းတို့သည် အကျင့်စာရိတ္တကောင်းမွန်သူများ ဖြစ်ကြရမည့်အပြင် တရားစွဲဆိုရေး သို့မဟုတ် တရားစီရင်ရေးလုပ်ငန်းများတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံများသူများ ဖြစ်ကြရမည်။ တရားရုံးက အသုံးပြုသည့်ဘာသာစကားများအနက် အနည်းဆုံးတစ်မျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ရမည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ICC စာချုပ်ဝင်နိုင်ငံဖြစ်သောကြောင့် ICC အနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ အကြား ဖြစ်ပွားသော ပြဿနာအပေါ် စီရင်ပိုင်ခွင့်ရှိသည်ဟု အဖွဲ့ဝင်သုံးဦးပါဝင်သော . . .
တရားစွဲအရာရှိများနှင့် ဒုတိယတရားစွဲအရာရှိများကို စာချုပ်ဝင်နိုင်ငံများ၏ညီလာခံက လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ကြရမည်။ ၎င်းတို့တာဝန်ထမ်းဆောင်ရမည့် သက်တမ်းမှာကိုးနှစ်ဖြစ်ပြီး ပြန်လည်ရွေးချယ်ခံပိုင်ခွင့် မရှိချေ။ အခြားသော သက်မွေးလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်မရှိပေ။ ဘက်လိုက်မှုရှိနိုင်သည်ဟု သံသယဖြစ်ဖွယ်ကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။ တရားစွဲအရာရှိ သို့မဟုတ် ဒုတိယတရားစွဲအရာရှိ၏ အရည်အချင်း ပျက်ယွင်းကြောင်း စွပ်စွဲမှုကို အယူခံရုံးက ဆုံးဖြတ်ရမည်။
တရားရုံး၏စီရင်ပိုင်ခွင့်
(Jurisdiction of the Court)
(က) နယ်နိမိတ်ဆိုင်ရာ စီရင်ပိုင်ခွင့်။တရားရုံးသည် ၎င်း၏ အာဏာများနှင့် လုပ်ငန်းတာဝန်များကို စာချုပ်ဝင်နိုင်ငံများ၏ နယ်နိမိတ်အတွင်းတွင် လည်းကောင်း၊ စာချုပ်ဝင် မဟုတ်သော နိုင်ငံများ၏ နယ်နိမိတ်အတွင်းတွင် သက်ဆိုင်ရာ နိုင်ငံနှင့် ချုပ်ဆိုထားသော အထူးသဘောတူ စာချုပ်အရလည်းကောင်း ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။
(ခ) လူပုဂ္ဂိုလ်နှင့် ပြစ်မှုအမျိုးအစားဆိုင်ရာ စီရင်ပိုင်ခွင့်။ တရားရုံးသည် ၎င်း၏စီရင်ပိုင်ခွင့် နယ်နိမိတ်အတွင်း အောက်ဖော်ပြပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သူ မည်သူကိုမဆို ဤဥပဒေနှင့်အညီ စီရင်ပိုင်ခွင့်ရှိသည်။-
(၁) လူမျိုးတုံးသတ်ဖြတ်မှု(The Crime of Genocide)
(ပြစ်မှုမြောက်သည့် ပြုလုပ်ကျူးလွန်မှုငါးမျိုးပါဝင်သည်)
(၂) လူသားအားလုံးအား ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုများ (Crimes against Humanity)
(ပြစ်မှုမြောက်သည့်ပြုလုပ်ကျူးလွန်မှု ၁၁ မျိုး ပါဝင်သည်)
(၃) စစ်ပွဲဆိုင်ရာပြစ်မှုများ(War crimes)
(ပြစ်မှုမြောက်သည့် ပြုလုပ်ကျူးလွန်မှု ၅၀ ပါဝင်သည်)
(၄) ကျူးကျော်တိုက်ခိုက်သည့်ပြစ်မှု (The Crime of Aggression)
(ယင်းဝေါဟာရ၏ အဓိပ္ပာယ်ကို ဥပဒေတွင် လောလောဆယ် အဓိပ္ပာယ် ဖွင့်ဆိုထားခြင်း မရှိသေးသဖြင့် ယင်းပြစ်မှုကို စီရင်ရန် မဖြစ်နိုင်သေး)
စီရင်ပိုင်ခွင့်ကန့်သတ်ချက်များ
(Restrictions on Jurisdiction)
တရားရုံးသည် ရောမဥပဒေအာဏာတည်ပြီး နောက်တွင် ကျူးလွန်သော ပြစ်မှုများ၊ စာချုပ်ဝင်နိုင်ငံ တစ်နိုင်ငံအပေါ် ယင်းဥပဒေ အာဏာသက်ရောက်ပြီးနောက်မှ ယင်းနိုင်ငံ၏ နယ်နိမိတ်အတွင်းနှင့် ယင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောနှင့် လေယာဉ်ပေါ်တွင် ကျူးလွန်သောပြစ်မှုများကို စာချုပ်ဝင်နိုင်ငံကဖြစ်စေ၊ ကုလသမဂ္ဂ၊ လုံခြံရေးကောင်စီကဖြစ်စေ တရားစွဲ အရာရှိထံ လွှဲအပ်ပြီးနောက် တရားစွဲအရာရှိက စုံစမ်းထောက်လှမ်းမှုပြုလုပ်၍ တရားစွဲဆိုသော အမှုများကိုသာ စီရင်ခွင့်ရသည်။
စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စုံစမ်းထောက်လှမ်းမှု ပြုလုပ်နေဆဲ သို့မဟုတ်တရားစွဲဆိုထားဆဲအမှု၊ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံက စုံစမ်းထောက်လှမ်းမှုပြုလုပ်ပြီးနောက် တရားခံကို တရားစွဲဆိုခြင်းမပြုရန် ဆုံးဖြတ်ထားသောအမှု၊ အကြောင်းအရာတူဖြစ်သော ပြစ်မှုအတွက် တရားခံကို တရားရုံးက စစ်ဆေးစီရင်ပြီးဖြစ်သော အမှု၊ အရေးမကြီးသောအမှုဖြစ်၍ ဆက်လက်စစ်ဆေးရန် မသင့်သောအမှု၊ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သို့မဟုတ် တရားသေလွှတ်ခဲ့ပြီးဖြစ်သော အမှု၊ ပြစ်မှုကျူးလွန်သည့်အချိန်၌ အသက် ၁၈ နှစ်မပြည့်သေးသောသူ၏ အမှုတို့ကို စီရင်ခွင့်မရှိ။
အမိန့်ပေးသူများနှင့် အခြားသော အဆင့်မြင့်အရာရှိများ၏ တာဝန်ရှိမှု (Responsibility of Commanders and other Superiors)
(က) စစ်ဘက်ဆိုင်ရာ အမိန့်ပေးသူ (တပ်မ·း) သို့မဟုတ် စစ်ဘက်ဆိုင်ရာ အမိန့်ပေးသူအဖြစ် ထိရောက်စွာ ဆောင်ရွက်နေသော ပုဂ္ဂိုလ်သည် ၎င်း၏အမိန့်နှင့် ကြီးကြပ်ကွပ်ကဲမှုကို နာခံရသော တပ်များအပေါ် နည်းလမ်းတကျ ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်မှုကြောင့် ယင်းတပ်များက ကျူးလွန်ကြသော၊ တရားရုံးက စီရင်ပိုင်ခွင့်ရှိသည့် ရာဇဝတ်ပြစ်မှုများအတွက် အောက်ဖော်ပြပါ အခြေအနေတွင် တာဝန်ရှိစေရမည်။ -
(၁) ၎င်းတပ်မှူးသို့မဟုတ် ၎င်းပုဂ္ဂိုလ်သည် တပ်များက အဆိုပါရာဇဝတ်ပြစ်မှုများကို ကျူးလွန်လျက်ရှိကြောင်း သို့မဟုတ် ကျူးလွန်ကြတော့မည်ကို သိရှိခြင်း သို့မဟုတ် ထိုအချိန်က ပတ်ဝန်းကျင်အခြေအနေများအရ သိရှိခဲ့ရမည်ဖြစ်ခြင်း။ ထို့ပြင်
(၂) ၎င်းတပ်မှူးသို့မဟုတ် ၎င်းပုဂ္ဂိုလ်သည် ထိုသူတို့၏ ရာဇဝတ်ပြစ်မှု ကျူးလွန်ခြင်းကို တားဆီးရန် သို့မဟုတ် ထိန်းချုပ်ရန် ၎င်း၏ အာဏာဖြင့် ပြုလုပ်ရန် လိုအပ်သည့် ထိုက်သင့်သော အစီအမံများကို လုပ်ဆောင်ရန် သို့မဟုတ် စုံစမ်းထောက်လှမ်းခြင်း၊ တရားစွဲဆိုခြင်း ပြုလုပ်နိုင်ရေးအတွက် ယင်းကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များထံတင်ပြရန် ပျက်ကွက်ခြင်း။
(ခ) အထက်အပိုဒ်(က)တွင် ဖော်ပြထားခြင်း မရှိသော အထက်အရာရှိနှင့် လက်အောက်ငယ်သားတို့၏ ဆက်ဆံရေးကိစ္စနှင့်စပ်လျဉ်း၍ အထက်အရာရှိတစ်ဦးသည် ၎င်း၏ လက်အောက်ငယ်သားများအပေါ် နည်းလမ်းတကျ ကြီးကြပ် ကွပ်ကဲရန် ပျက်ကွက်မှုကြောင့် ၎င်း၏ထိရောက်သော အာဏာနှင့် ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အဆိုပါ လက်အောက်ငယ်သားများက ကျူးလွန်သော၊ တရားရုံးက စီရင်ပိုင်ခွင့်ရှိသည့် ရာဇဝတ်ပြစ်မှုများ အတွက် အောက်ဖော်ပြပါ အခြေအနေတွင် ရာဇဝတ်ကြောင်းအရ တာဝန်ရှိစေရမည်။ -
(၁) လက်အောက်ငယ်သားများက ရာဇဝတ် ပြစ်မှုကျူးလွန်လျက်ရှိကြောင်း သို့မဟုတ် ကျူးလွန်တော့မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည့် သတင်းကို အထက်အရာရှိက သိရှိကြောင်း သို့မဟုတ် သိလျက်နှင့် အလေးဂရုမပြုကြောင်း၊
(၂) ရာဇဝတ်ပြစ်မှုများမှာ အထက်အရာရှိ၏ ထိရောက်သော တာဝန်ရှိမှု၊ ကြီးကြပ်ကွပ်ကဲမှုတို့နှင့် ပတ်သက်သော ကျူးလွန်ပြုလုပ်မှုများဖြစ်ကြောင်း။
(၃) အထက်အရာရှိသည် ထိုသူတို့၏ရာဇဝတ်မှုကျူးလွန်ခြင်းကို တားဆီးရန် သို့မဟုတ် ထိန်းချုပ်ရန် ၎င်း၏အာဏာဖြင့် ပြုလုပ်ရန် လိုအပ်သည့် ထိုက်သင့်သော အစီအမံများကို လုပ်ဆောင်ရန် သို့မဟုတ် စုံစမ်းထောက်လှမ်းခြင်း၊ တရားစွဲဆိုခြင်း ပြုလုပ်နိုင်ရေးအတွက် ယင်းကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြရန် ပျက်ကွက်ခြင်း။
မော်ကွန်းထိန်းရုံး(The Registry)
မော်ကွန်းထိန်းနှင့် ဒုတိယမော်ကွန်းထိန်းတို့ကို တရားသူကြီးများ၏ လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ခန့်ထားသည်။ မော်ကွန်းထိန်းရုံးကို မော်ကွန်းထိန်းက ဦးဆောင်ပြီး စီမံအုပ်ချုပ်သည်။ တရားစီရင်ရေးရာနှင့် မသက်ဆိုင်သော စီမံအုပ်ချုပ်မှုလုပ်ငန်းများကို တရားရုံးဥက္ကဋ္ဌ၏ လမ်းညွှန်မှုကို ခံယူ၍ ဆောင်ရွက်ရသည်။
ICC နှင့် မြန်မာနိုင်ငံ
လွန်ခဲ့သည့် နှစ်နှစ်ခန့်ကICC သည် မြန်မာနိုင်ငံ အစိုးရခေါင်းဆောင်များနှင့် တပ်မတော် ခေါင်းဆောင်များအား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများအဖြစ် တရားစွဲဆိုရေးအတွက် ကြိုးပမ်းခဲ့ရာ မြန်မာနိုင်ငံသည်ICC တည်ထောင်သည့် စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့်ICC သည် မြန်မာနိုင်ငံသားများအပေါ် စီရင်ပိုင်ခွင့်မရှိဟူသော အကြောင်းပြချက်ဖြင့်ICC ၏ ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ပယ်ချခဲ့သည်။ သို့သော်လည်း ရခိုင်ဒေသမှ ရိုဟင်ဂျာဆိုသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှုနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ICC စာချုပ်ဝင်နိုင်ငံဖြစ်သောကြောင့်ICC အနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအကြား ဖြစ်ပွားသော ပြဿနာအပေါ် စီရင်ပိုင်ခွင့်ရှိ သည်ဟု အဖွဲ့ဝင်သုံးဦးပါဝင်သောICC ၏ ကနဦး စုံစမ်းစစ်ဆေးရေးခုံရုံးက ၂ မဲ -၁ မဲဖြင့် ဆုံးဖြတ်ပြီးICC ၏ တရားစွဲအရာရှိအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အခွင့်အာဏာ အပ်နှင်းခဲ့ရာ ယင်းအရာရှိက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
















