ထောက်ကြန့်မြို့နယ်တွင် အရက်ဆိုင်အတွင်းသေးပေါက်သည့်ကိစ္စ စကားများစဉ် လက်ဖြင့်တွန်းရာက နောက်ပြန်လဲကျပြီး ဦးခေါင်းနှင့် ကတ္တရာလမ်း ဆောင့်မိ သေဆုံးခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။
ဇန်နဝါရီ ၂၂ ရက် နံနက်၁၁ နာရီခွဲ အချိန်ခန့်တွင် မြောက်ဥက္ကလာပဆေးရုံကြီး၌ ဦးခေါင်းနောက်စေ့ဖူးရောင်၊ ယာပါးဖူးယောင်ဒဏ်ရာများဖြင့် တက်ရောက်ကုသမှုခံယူနေသည့် အောင်အောင် (၃၀ နှစ်)မှာ သေဆုံးသွားကြောင်း သတင်းအရ ဒုရဲအုပ် ခင်မောင်ထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ သေဆုံးသူ အောင်အောင်သည် ဇန်နဝါရီ ၁၉ ရက် ည ၉ နာရီ အချိန်တွင် သူငယ်ချင်းဖြစ်သူ မျိုးနိုင်ဌေး(ခ)ခိုင်စိုး(ခ) ကရင်၊ အောင်ပိုင်၊ အောင်မိုးနှင့် စိုင်းမင်းစံ တို့နှင့်အတူ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပုလဲရပ်ကွက် ရှိ စားသောက်ဆိုင်၌ ဘီယာအတူသောက်စဉ် အောင်အောင်မှာ အမူးလွန်နေသောကြောင့် ဆိုင်အတွင်း သေးပေါက်ချခဲ့သည်ဟုဆိုသည်။
ထိုသို့သေးပေါက်ချမှုနှင့်ပတ်သက်၍ အောင်အောင်နှင့်အတူပါသူ မျိုးနိုင်ဌေး(ခ)ခိုင်စိုး(ခ) ကရင်က အောင်အောင်ကို ပါးရိုက်ခဲ့ပြီး ဆိုင်ရှင်ကိုတောင်းပန်ကာ ဆိုင်မှ ပြန်ထွက်ခဲ့သည်။
ထို့နောက် စိန်ပန်းမြိုင်လမ်းနှင့် ချယ်ရီလမ်းထောင့်အရောက် အောင်အောင်ကို ထိုသို့မပြုရန်ပြောပြီး မျိုးနိုင်ဌေး(ခ)ခိုင်စိုး(ခ) ကရင်က အောင်အောင်ကို လက်ဖြင့်တွန်းစဉ် အောင်အောင်မှာ ကတ္တရာလမ်း ပေါ်သို့ နောက်ပြန်ကျခဲ့သည်။
ထို့နောက် မျိုးနိုင်ဌေး၏ နေအိမ်သို့ အတူ ပြန်လာခဲ့ကြပြီး အောင်အောင်နှင့် မျိုးနိုင်ဌေးတို့ အတူအိပ်ခဲ့ကာ နောက်တစ်နေ့ ဇန်နဝါရီ ၂၂ ရက် နံနက် ၁ နာရီတွင် နှိုးမရတော့သဖြင့် လူမှုကူညီရေးအသင်းအကူညီဖြင့် မြောက်ဥက္ကလာပ ဆေးရုံသို့တင်ပို့ကုသခဲ့စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူမှာ မျိုးနိုင်ဌေး(ခ) ခိုင်စိုး(ခ)ကရင်ထံသို့ လှိုင်သာယာမြို့နယ်မှ အလည်လာရောက်ခဲ့သူဖြစ်ကြောင်းသိရပြီး ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၁၄၀/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ - က အရ အမှုဖွင့်ကာ ဆက်လက် စစ်ဆေးလျက်ရှိသည်။
















