လီဗာပူးအသင်းသည် ဇန်နဝါရီ ၂၃ ရက်က ပရီးမီးယား လိဂ်ပွဲစဉ် ၂၄ အဖြစ် ဝုလ်ဗာဟမ်တန်ကွင်းသို့သွားရောက် ကစားခဲ့ရာ ဘရာဇီးတိုက်စစ်မှူး ဖာမီနို၏ နောက်ကျအနိုင် ဂိုးကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရကာ နိုင်ပွဲဆက်ခဲ့ကြောင်း သိရသည်။
လီဗာပူးနည်းပြကလော့ပ်သည် တိုက်စစ်တွင် ဖာမီနို၊ မာနေးနှင့် ဆာလက်ချ်တို့ကိုအသုံးပြုခဲ့ပြီး ကွင်း လယ်တွင် ဟန်ဒါဆန်၊ ချိန်ဘာလိန်နှင့် ဝစ်နယ်ဒန်တို့ပါဝင် ခဲ့သည်။ ဝုလ်တိုက်စစ်ကို ဂျီမီနက်ဇ်နှင့် ထရာအိုရေးတို့ ဦးဆောင်ခဲ့ပြီး လီဗာပူးကို ရင်ဆိုင်ခဲ့သည်။ လီဗာပူးသည် ပွဲချိန်ရှစ်မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး အာနိုး၏ထောင့်ကန် ဘောကို အသင်းခေါင်းဆောင် ဟန်ဒါဆန်က ခေါင်းတိုက် သွင်းယူခဲ့သည်။ ဝုလ်သည် ဒုတိယပိုင်း ၅၁ မိနစ်တွင်ချေပ ဂိုးရခဲ့ပြီး ထရာအိုရေး ဖြတ်တင်ပေးသည်ကို ဂျီမီနက်ဇ်က ခေါင်းတိုက်သွင်းယူခဲ့သည်။
လီဗာပူးသည် အနိုင်ဂိုးရရှိရန် နေရာစုံမှထိုးဖောက် ကစားခဲ့ရာ ပွဲချိန် ၈၄ မိနစ်တွင် အဖိုးတန်အနိုင်ဂိုးရရှိ ခဲ့ပြီး ဖာမီနိုက ပင်နယ်တီဧရိယာအတွင်းမှ ကြုံသလိုအနေ အထားဖြင့် ကန်သွင်းပေးခဲ့သည်။ လီဗာပူးသည် အင်္ဂလန် ဖွတ်ဘောလိဂ်သမိုင်းတွင် ပွဲ ၄၀ ဆက်ရှုံးပွဲမရှိ ပဉ္စမမြောက် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၃၅ ပွဲအနိုင်ကစားကာ ငါးပွဲသရေကစားခဲ့သည်။ အင်္ဂလန်ဖွတ်ဘောလိဂ်သမိုင်း တွင် နောတင်ဟမ်မှာ ၁၉၇၇-၇၈ ရာသီက ၄၂ ပွဲ၊ အာ ဆင်နယ်မှာ ၂၀ဝ၃–ဝ၄ ရာသီက ၄၉ ပွဲ၊ ချယ်လ်ဆီးမှာ ၂၀ဝ၄–ဝ၅ ရာသီက ပွဲ ၄၀ နှင့် ဟက်ဒါစ်ဖီးလ်မှာ ၂၀၁၁ ခုနှစ်က ၄၃ ပွဲ ရှုံးပွဲမရှိကစားခဲ့သည်။
လီဗာပူးအဓိကကစားသမား မာနေးသည် ဒဏ်ရာ ရခဲ့၍ ၃၃ မိနစ်တွင် လူစားလဲခြင်းခံခဲ့ရသည်။ နည်းပြ ကလော့ပ်က "မာနေးရဲ့ဒဏ်ရာအခြေအနေမဆိုးဟု မျှော် လင့်ထားပါတယ်။ ကြွက်သားထိသွားတာပါ။ အခြေအနေကို စောင့်ကြည့်ရမယ်"ဟု ပြောကြားခဲ့သည်။
လီဗာပူးအသင်းသည် ယခုနှစ်ရာသီ ပရီးမီးယားလိဂ် ၂၃ ပွဲကစားပြီးချိန် တစ်ပွဲပိုကစားထားသော မန်စီးတီးကို ၁၆ မှတ်ဖြတ်ကာ အဆင့်တစ်၌ ဦးဆောင်ဆဲဖြစ်သည်။















