ဘွန်ဒက်စ်လီဂါ နှစ်ပွဲကစား ငါးဂိုးသွင်းယူနိုင်ခဲ့သော ပထမဆုံးကစားသမားအဖြစ် အာလင်းဟာလန်းစံချိန်စိုက်ထူ

ဘွန်ဒက်စ်လီဂါ နှစ်ပွဲကစား ငါးဂိုးသွင်းယူနိုင်ခဲ့သော ပထမဆုံးကစားသမားအဖြစ် အာလင်းဟာလန်းစံချိန်စိုက်ထူ

ဒေါ့မွန်အသင်းသည် ဇန်နဝါရီ ၂၄ ရက်က ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၉ အဖြစ် အိမ်ကွင်းတွင် ကိုလုံးနှင့်ကစားခဲ့ရာ ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး နိုင်ပွဲဆက်ခဲ့ကြောင်း သိရသည်။

ဒေါ့မွန်သည် ပွဲချိန် ၁ မိနစ်၌ပင် ဦးဆောင်ဂိုးရခဲ့ပြီး ဆန်ချို၏ ဖန်တီးမှုမှတစ်ဆင့် ဂူရီယိုက သွင်းယူခဲ့သည်။

ဒေါ့မွန်သည် ပွဲချိန် ၂၉ မိနစ်တွင် မာကိုရူးစ်၏ဂိုးဖြင့် ဆက်လက်ဦးဆောင်ခဲ့ပြီး အသင်းအတွက် တတိယဂိုးကို ဆန်ချိုက ၄၈ မိနစ်၌ သွင်းယူခဲ့သည်။

ကိုလုံးသည် ပွဲချိန် ၆၄ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်ရခဲ့၍ ပွဲမှာ အကြိတ်အနယ်ရှိခဲ့သည်။

ဒေါ့မွန်နည်းပြ ဖက်ရီသည် ဒုတိယပိုင်း ၆၅ မိနစ်တွင် နော်ဝေတိုက်စစ််မှူး ဟာလန်းကို လူစားဝင် ကစားသမားအဖြစ် အသုံးပြုခဲ့သည်။

အသက် ၁၉ နှစ် အရွယ် တိုက်စစ်မှူးဟာလန်းသည် ဒေါ့မွန်ကစားသမား ဘဝ ပွဲဦးထွက်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူဖြစ်ပြီး ကိုလုံးပွဲ၌လည်း နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည်။

ဟာလန်းသည် လူစားဝင်ပြီးနောက် ပွဲချိန် ၇၇ မိနစ်၌ စတုတ္ထဂိုးသွင်းယူခဲ့ပြီး ပွဲပြီးခါနီး သုံးမိနစ်အလို ပဉ္စမဂိုးသွင်းယူခဲ့၍ ဒေါ့မွန်မှာ ဂိုးပြတ်နိုင်ပွဲ ဖန်တီးခဲ့သည်။

ဟာလန်းသည် ဘွန်ဒက်စ်လီဂါ နှစ်ပွဲပေါင်း ၅၇ မိနစ်သာ ကစားခွင့်ရခဲ့သည့်အချိန် ခြေစွမ်းပြကာ ဂိုးများသွင်းယူခဲ့၍ ၅၆ နှစ်သက်တမ်းရှိ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ကနဦး နှစ်ပွဲကစားပြီးချိန် ငါးဂိုးသွင်းနိုင်သော ပထမဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။

ဘွန်ဒက်စ်လီဂါ နာမည်ကြီး ကစားသမားဖြစ်သည့် ဂက်မူလာနှင့် လီဝမ်ဒေါ့စကီးတို့ မရဖူးသည့်စံချိန်ကို ဟာလန်းက ရယူခဲ့ခြင်းဖြစ်သည်။

ဟာလန်းသည် ဘွန်ဒက်စ်လီဂါတွင် ၁၂ မိနစ်၌ တစ်ဂိုးရယူနေခြင်းဖြစ်သည်။

မန်ယူပစ်မှတ်ဖြစ်ခဲ့သော ဟာလန်းသည် ၂ဝ၂ဝ ၌ မန်ယူအသင်းထက် လိဂ်ဂိုး ပိုသွင်းထားသည်။

ဒေါ့မွန်နည်းပြဖက်ရီက ''ဂိုးပြတ်နိုင်ပွဲရခဲ့လို့ ကျေနပ်ပါတယ်။ ဟာလန်းဟာ အော့စ်ဘတ်ပွဲမှာ သုံးဂိုးသွင်းပြီး အခု နှစ်ဂိုး ထပ်သွင်းခဲ့တယ်။ သူ့ဂိုးတွေက အရေးပါတယ်။ ဘွန်ဒက်စ်လီဂါ ငါးဂိုး သူရထားတာက အားရစရာပါ''ဟု ပြောခဲ့သည်။



ဖတ်ရှုမှုအများဆုံး