အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲများကို ဇန်နဝါရီ ၂၆ ရက်က ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ မန်ယူနှင့် မန်စီးတီးတို့အနိုင်ရပြီး လီဗာပူးအသင်းမှာ ရှရူဘူရီ နှင့် နှစ်ဂိုးစီသရေကျခဲ့၍ ပြန်ကန်ပွဲ ကစားရမည်ဖြစ် ကြောင်း သိရသည်။ မန်ယူသည် ထရန်မယ်ရီ ကွင်း၌ ကစားခဲ့ရပြီး ပထမပိုင်း၌ပင် ငါးဂိုးပြတ် အနိုင်ရခဲ့သည်။
မန်ယူအတွက် ဂိုးများကို အသင်းခေါင်းဆောင် မက်ဂွိုင်းယား၊ ဒါလော့၊ လင်ဂတ်၊ ဖီးလ်ဂျုံးစ်နှင့် မာရှယ်တို့က သွင်းယူပေးခဲ့ပြီး အပိတ်ဂိုးကို ဂရင်း ဝုဒ်က ၅၆ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် သွင်းယူ ခဲ့ခြင်းဖြစ်သည်။
မန်ယူသည် ၁၉ နှစ်အတွင်း ပွဲစဉ်တစ်ပွဲ၌ ပထမ ဆုံးအကြိမ် ပထမပိုင်းအတွင်း ငါးဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မန်ယူသည် နှစ်ပွဲဆက် ရှုံးပွဲကြုံပြီးနောက် နိုင်ပွဲပြန်ရခဲ့၍ ဖိအားအချို့ လျှော့ချနိုင်ခဲ့သည်။ မန်စီးတီးမှာ အိမ်ကွင်းတွင် ဖူလ်ဟမ်ကို လေးဂိုးပြတ် အနိုင်ရပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်သို့ တက် လှမ်းခဲ့သည်။ မန်စီးတီးအတွက် ဂျီးဆပ်တစ်ဦးတည်း က နှစ်ဂိုးသွင်းယူခဲ့ပြီး ဂန်ဒိုဂန်နှင့် ဘာနာဒိုဆေးလ် ဗားတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့သည်။
လီဗာပူးအသင်းမှာ ရှရူဘူရီကွင်း၌ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ဂိုးများ ပြန်ပေးခဲ့ရ၍ နှစ် ဂိုးစီ သရေကျခဲ့သည်။ လီဗာပူးနည်းပြ ကလော့ပ်က အသင်းငယ် ရှရူဘူရီမှာ သရေရလဒ်နှင့် ထိုက်တန် ခဲ့ကြောင်း၊ ရှရူဘူရီ၏ စွမ်းဆောင်ရည်ကို ဂုဏ်ပြု ကြောင်း ပြောကြားခဲ့သည်။















