ဆုံးပါးခဲ့သည့် ကိုဘီဘရိုင်ယန်အား ပင်နယ်တီမှ ဂိုးသွင်းပြီးနောက် နေမာဂုဏ်ပြု

ဆုံးပါးခဲ့သည့် ကိုဘီဘရိုင်ယန်အား ပင်နယ်တီမှ ဂိုးသွင်းပြီးနောက် နေမာဂုဏ်ပြု

ဇန်နဝါရီ ၂၆ ရက်က လိုင်လီအား နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် အသင်းအတွက် ဒုတိယဂိုးကို ပင်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့ပြီးနောက် ဘရာဇီးတိုက်စစ်မှူး နေမာသည် ရုတ်တရက် ဆုံးပါးခဲ့သည့် အမေရိကန်ဂန္ထဝင် ဘတ်စကက်ဘောကစားသမားဟောင်း ကိုဘီဘရိုင်ယန်အတွက် ရည်စူး၍ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့သည် အားကစား လောကအတွက် ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ခဲ့ရပြီး အသက် (၄၁) နှစ်အရွယ် ကိုဘီဘရိုင်ယန်နှင့် အသက် (၁၃) နှစ်အရွယ် ၄င်း၏သမီးကြီးဖြစ်သူ ဂျီ ယန်နာတို့မှာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသည်။

ကိုဘီဘရိုင်ယန်သည် တနင်္ဂနွေနေ့ နံနက်အစောပိုင်းက Sikorsky S-76B အမျိုးအစား ကိုယ်ပိုင်ရဟတ်ယာဉ်ဖြင့် ကယ်လီဖိုးနီးယားပြည်နယ် နယူးဘူရီပက်ခ်သို့ သွားရောက်ခဲ့စဉ် ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လူကိုးဦး အသက်သေဆုံးခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲ အဲလက်ဗီလန်နျူဘာက ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီဝန်းကျင်တွင် ဖြစ်ပွား ခဲ့ပြီး လော့စ်အိန်ဂျလိစ်မြို့ အနောက်ဘက် မိုင် ၅ဝ ခန့်အကွာ ကာလာ ဘာဆက် တောင်ကုန်းဒေသ၌ မီးလောင်ပျက်ကျခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ် ပွားစဉ်က မြူခိုးများထူထပ်စွာကျရောက်နေပြီး ရဟတ်ယာဉ် မည်သူမောင်း နှင်သည်ကို တိတိကျကျ မသိရသေးဘဲ ယခုအခါ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေသည်။

နေမာသည် လိုင်လီပွဲတွင် ပွဲချိန် ၂၈ မိနစ်၌ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၅၂ မိနစ်၌ ပင်နယ်တီမှ ဒုတိယဂိုး သွင်းယူခဲ့သည်။ ဂိုးသွင်းခဲ့ပြီးနောက် နေမာသည် လက်ဟန်အမူအရာဖြင့် ၂၄ နံပါတ်ကို ပြသခဲ့ပြီး ကောင်းကင်သို့ လက်ညှိုးထိုး၍ ကိုဘီဘရိုင်ယန်အတွက် ရည်စူးခဲ့သည်။ ကိုဘီဘရိုင် ယန်သည် ၁၉၉၆ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ LA Lakersအသင်းတစ်သင်း ထဲတွင် ကျောနံပါတ် ၂၄ ဝတ်ဆင်၍ ပါဝင်ကစားခဲ့ပြီး အကြီးကျယ်ဆုံး ကြေးစား ဘတ်စကက်ဘော ကစားသမားဖြစ်ကာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့်အပြင် လူချစ်လူခင်ပေါများသူဖြစ်သည်။



ဖတ်ရှုမှုအများဆုံး