ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိုင်းလား၌ တောရိုင်း တိရစ္ဆာန်မရောင်းရန် NDAA အမိန့်ထုတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မိုင်းလား၌ တောရိုင်း တိရစ္ဆာန်မရောင်းရန် NDAA အမိန့်ထုတ်

တရားမဝင်တောရိုင်းတိရစ္ဆာန် ဈေးကွက် ဟုလူသိများသည့် မိုင်းလားဒေသတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တောရိုင်းတိရစ္ဆာန်ရောင်းချမှု မပြု လုပ်ရန်အပါအဝင် ကန့်သတ်ချက်များကို အထူးဒေသ(၄) မိုင်းလားအဖွဲ့ (NDAA)က ဇန်နဝါရီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၈ဝ ဝန်းကျင်သေဆုံးခဲ့ပြီးနောက် နယ်နိမိတ်ထိစပ်နေသည့် မိုင်းလားဒေသနှင့် ''ဝ'' ဒေသများတွင် ကန့်သတ်မှုများပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ မိုင်းလားအဖွဲ့၏ ထုတ်ပြန် ချက်၌ တောရိုင်းတိရစ္ဆာန်များကို စားသုံးခြင်း မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သည့် အခြေအနေရှိသည်ဟု ဖော်ပြထားသည်။

ထိုရောဂါပိုးကို ထိရောက်စွာကာကွယ်ရန် မိုင်းလားအဖွဲ့က အထူးဒေသ (၄) အတွင်း အများပြည်သူ ကစားပျော်ရွှင်သည့်နေရာ များကို ယာယီရပ်နားကြောင်း၊ ဖျော်ဖြေပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဘာသာရေးဆိုင်ရာ လုပ်ငန်းများ စသည့်ပြည်သူများ စုဝေးသည့် လှုပ်ရှားမှုများကို ဖျက်သိမ်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မဟုတ်မမှန်သတင်းထုတ်လွှင့်မှု များကိုမယုံကြည်ရန်နှင့် ကောလာဟလထုတ် လွှင့်သူများကို ၎င်းတို့၏ ဥပဒေအရ ပြင်း ထန်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း သတိ ပေးထားသည်။

NDAA သည် အစိုးရ နှင့် ၁၉၈၉ ခုနှစ်ကတည်းက နှစ်ဖက် အပစ် အခတ်ရပ်စဲခဲ့သော်လည်း ၂ဝ၁၅ တွင်ပေါ် ပေါက်လာခဲ့ သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကိုမူ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်